သဗ္ဗညုမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နောက် ခုနှစ်ရက်မြောက် သောနေ့ ၌ မြတ်စွာဘုရား၏ အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန် တင်ထားသော နံသာ ထင်း ပုံကို မလ္လာမင်းတို့သည် စတင် မီးရှို့ ကြကုန်၏ ။ နံ့ံ့သာထင်းပုံ သည် မီးစွဲလောင်ခြင်းမရှိချေ ။
ထိုအခါ ကုသိနာရုံ ပြည်သား မာလ္လာမင်းတို့သည် အရှင်အနုရုဒ္ဓါ အား ဤ သို့မေး လျှောက် ကုန်၏ - “ အရှင်ဘုရား မြတ်စွာဘုရား ၏ အလောင်းတော်ထားရာ နံ့သာပုံထင်းကို အဘယ် ကြောင့် မီးစွဲလောင်ခြင်း မရှိပါသနည်း ။”
ထိုအခါ အရှင်မဟာကဿပ သည် ၅၀၀ မျှသောတပည့်ရဟန်း ပရိသတ်နှင့်အတူ ပါဝါပြည်မှ ကုသိနာရုံ ပြည်သို့ ကြွလာသောလမ်းခရီးတွင် တခုသောသစ်ပင်ရင်း၌ နားနေတော်မူ ၏။ ထိုအခိုက် အ၀တ် မ၀တ်သော အာဇီဝက တက္ကတွန်းတယောက်သည် မန္ဒာရ၀နတ်ပန်းကို ထီးသဖွယ် ဆောင်း၍ ကုသိနာရုံဘက်မှ ပါဝါပြည်ဘက်သို့ လာလျှက်ရှိ၏ ။ အရှင်မဟာက ဿပ သည် ထိုတက္ကတွန်းကိုမြင်၍ - “ ငါ့ရှင် ၊ ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော” -ဟု မေး၏။ ထိုအခါ အဇိဝကတက္ကတွန်းက - “သြော် သင်တို့ဆရာ ကိုငါ သိ ပါ၏။ ရဟန်းဂေါတမ ပရိနိဗ္ဗာန်ပြုသည်မှာ ယနေ့ ၇ ရက်ရှိပါပြီ။ ထိုပရိနိဗ္ဗာန်ပြုရာအရပ်မှ ဤ မန္ဒာရ၀နတ်ပန်း ကို အကျွန်ုပ်ယူလာခဲ့ပါသည်” – ဟုဆို၏။
ထိုစကားကိုကြားသောအခါ ရာဂမကင်းသေးသော ရဟန်းတို့သည် မတ်တတ်မှလဲ၍ လူးလိမ့် ငိုကြွေး ကြ ကုန်၏ ။ရာဂကင်းပြီးသော ရဟန်းတို့သည်ကား “ သင်္ခါရတရားတို့သည် အမြဲ မရှိကုန်၊ ဤသင်္ခါရ တရား၌ မြဲခြင်းသဘောကိုဘယ်မှာပြုအံနည်း” ဟုအောက်မေ့ဆင် ခြင်လျှက် စိတ်ကို ဖြေ၍ ဓမ္မသံဝေဂ ယူကြကုန်၏ ။
ထိုအခါသုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးသည် ထိုပရိသတ်၌ ပါဝင်လျှက်ရှိ၏ ၊ ထိုရဟန်းကြီး သုဘဒ္ဒသည် - “ငါ့ရှင်တို့ ၊ မငိုကြကုန်လင့် ။ အငိုတိတ်ကြကုန်လော့ ။ ယခု အခါ ငါတို့သည် ရဟန်းကြီး ဂေါတမ ၏ လက်အောက်မှကောင်းစွာ လွတ်မြောက် ကြပေပြီ ။ ရဟန်းကြီး ဂေါတမသည် ငါတို့ကို အရာရာချုပ် ခြယ် ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာကို ပြုကြကုန်အံ့ မပြုလုပ်အပ်သည်ကို မပြုဘဲနေကြကုန်အံ့” - ဟုဆို၏ ။
သင်္ဂါယနာတင်ရန် အကြံအစည်
တောထွက်ကြီးသုဘဒ္ဒ၏စကားလုံးများသည် အရှင်မဟာကဿပ ၏ အသဲနှလုံးကို လှံအစင်းတရာ ဖြင့်ထိုးဆွဘိသကဲ့သို့ ဖြစ်ရ၏ ။ နွေအလယ်၌ မိုးတိမ်မမြင် မထစ်ချုန်းဘဲ အခြောက်တိုက် မိုးကြိုးပြစ်သကဲ့သို့ မမျှော်လင့်သောစကားများကြားရ ၍ အံသြတုန်လှူပ်တော်မှူမိလေသည် ။
“သြ… ပြောမှပြောရက် ပါလေ ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံ သည်မှာ ခုနှစ်ရက်မျှသာရှိသေး၏ ။ ရွှေအဆင်းကဲ့သို့ ၀င်းဝါသော အလောင်းတော်ရုပ်ကလာပ် ကြီး ယနေ့အထိ ထင်ရှားရှိနေပါသေး၏ ။ရွှေအဆင်းကဲ့သို့ ၀င်းဝါသော အလောင်းတော် ရုပ်ကလပ် ကြီး ယနေ့အထိထင်ထင်ရှားရှားရှိနေပါသေး ၏ ။ မြတ်စွာဘုရားသခင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့ရသော သာသနာဖြစ်ပါလျှက် သာသနာ့ ရန်ဆူး ရန်ညှောင့် ပေါ်ပေါက်လာပုံမှာ မြန်ဆန်လှခြေ ၏ တကား ။ သာသနာ့ အလှေးအမွှား သာသနာ့ အမှိုက် သရိုက် တို့သည် အလွန်လျှင်မြန်စွာ ပေါ်ပေါက်လာချေဘိ၏ ။ ဤ ရဟန်းယုတ်သည် ကာလရှည် ကြာ၍ သဘောတူရာအဖော်အပေါင်းကို ရခဲ့သော် ဗုဒ္ဓသာသနာတော်ကို ဆုတ်ယုတ်နိုင်စေရာ၏” - ဟုလည်း ဓမ္မသံဝေဂ ဖြစ်တော်မူ၏ ။
ထိုနောက် အရှင်မဟာကဿပ ထေရ်သည် ဤ သို့အကြံဖြစ်တော်မူ၏ -
“ အကယ်၍ ငါသည် ဤ တောထွက်ရဟန်းကြီးကို သင်္ကန်းချွတ်၊ ပိတ်ဖြူပတ်ကာ လူဝတ်လဲစေ၍ သာသနာ့ဘောင်မှနှင်ထုတ်ငြားအံ ၊ ဂေါတမဘုရား၏ အလောင်းတော်ပင် မီးသင်္ဂြိုဟ်မူ့ မပြုရသေးပါဘဲလျှက် ဂေါတမဘုရား၏ တပည့်များသည် ငြင်းခုံခိုက်ရန်ဖြစ်နေ ကြကုန် ပြီဟု လူအများကဲ့ရဲ့ စရာဖြစ်ချိမ့်မည်။ အခိုက် အတန်းအားဖြင့် ဆိုင်းငံ့ထားဦးအံ ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားဒေသနာတော်တို့သည် မသီကုံး ရသေးသော ပန်းပုံကြီးသဖွယ်ဖြစ်နေသေး၏ ။ အရပ်လေးမျက်နှာမှ လေတိုက်ခတ်လာပါမူ ပန်းပွင်များ ဖရိုဖရဲ ပြန့် ကြဲလွင့်ပါ ပျောက်ပျက်ကုန်လေရာ၏ ။ ထို့နည်းတူ အချိန်ကာလကြာညောင်း သောအခါ ၀ိနည်း သိက္ခာ ပုဒ်များမှ သိက္ခပုဒ်တစ်ခုချင်း ၊ နှစ်ခုချင်း ပျောက်လေရာ၏ ။ သုတ္တန်တရား ၊ အဘိဓမ္မာတရားတို့သည်လည်း တဖြည်းဖြည်ပျောက်လေရာ ၏ ။ ထိုအခါ ဗုဒ္ဓသာသနာကွယ်ပသည် မည်၏။ ဤသို့သာသနာမကွယ်ပစေရန် ဓမ္မနှင့် ၀ိနယကို သင်္ဂါယနာတင်အံ ။ ထိုသို့ သံဃာယနာ တင်ပြီးသောအခါ ၌မူ ဓမ္မနှင့်ဝိနယ တို့သည် ခိုင်ခံ သော ကြိုးဖြင့် သီကုံးထားသော ပန်းပွင့်တို့ကဲသို့ ခိုင်မြဲလတ္တံ့ ။ ဗုဒ္ဓသာသနာတော် အဓွန်ရှည်စွာ ခိုင်ခံတည် မြဲစေရန် သံင်္ဂါယနာတင်ခြင်းအမူ့ကို မလွဲမသွေပြုရပေမည် ။
ဤသို့ကြီးလေးသောတာဝန်ကြီးကို ငါကိုယ်တိုင်ထမ်းဆောင်ရမည့် အရေးကို မြော်မြင် တော်မူ သော ကြောင့်သာလျှင် ငါရဟန်းပြု၍ မြတ်ဗုဒ္ဓထံသို့ ရည်မှန်းထွက်ခွာလာစဉ်က မြတ်စွာဘုရားသည် ၆ မိုင် (၃ဂါဝုတ်)ခန့် ခရီးကိုခြေလျှင်ကြွ ၍ ငါ့ကိုခရီးဦးကြိုဆိုခဲ့၏ ။ သြ၀ါဒ သုံးပါးဖြင့် မြတ်စွာဘုရားကိုယ်တိုင်ငါ့ကို ရဟန်းပြုပေးခဲ့၏ ။ အကြင့်သိက္ခာဖြူစဉ်သန့် ရှင်းမူ၌ ငါ့ကို သာလျှင်စံပြ အဖြစ်ထား၍ ဟောကြားတော်မူခဲ့၏ ။ မြတ်ဗုဒ္ဓသည် မိမိသာ ရုံသော နှစ်ထပ်သင်္ကန်းကြီး ကိုငါ့အားချီးမြှင့် ပေးသနားတော်မူခဲ့၏ ။ ဤနှစ်ထပ် သင်္ကန်း ကြီး ကား အဓမ္မ ၀ါဒီ တို့ကိုချေမူန်းတိုက်ခိုက်သော တရားသော စစ်ပွဲ၌ ဘဘုရားဝတ်ခဲ့ သောချပ် ၀တ်တန်ဆာ ဖြစ်ပေသည်။ ငါသည်ထိုချပ်ဝတ်တန်ဆာကို ၀တ်၍ တရားသော စစ်၌ အောင်ပွဲ ခံအံ။ ငါ့ကဲ့ သို့ ရဟန်း ထင်ရှား ရှိပါလျှက် ဤသုဘဒ္ဒရဟန်းယုတ်သည် ကြီးပွားတိုးတက်မူ့ကို မရစေသင့် ။
သူယုတ်မာတို့ ၏ တရားမထွန်းကားမီ ၊ သူတော်ကောင်းတို့၏ တရားဓမ္မ တားမြစ် ပိတ်ပင်ခြင်း မခံ ရမီ ၊ အဓမ္မ၀ါဒီ ရဟန်း ဆိုးများ အင်အားမတိုးမီ ၊ ဓမ္မ၀ါဒီရဟန်းများ အင်အားမနည်းမီ ၊ ဓမ္မနှင့် ၀ိနယကို သင်္ဂါ ယနာတင်အံ ။ ထိုသို့သံင်္ဂါယနာတင်ပြီးသောအခါ ၌ ရဟန်းဆိုးများခေါင်းထောင်နိုင်တော့မည်မဟုတ်သဖြင့် သာသနာတော်ကြီး ထွန်းကားပြန့်ပွား လတ္တံ့” - ဟု အကြံ ဖြစ်တော်မူ၏ ။
သာဓုကီဠနသဘင်
ထိုသို့ အကြံအစည်ဖြစ်တော် မူသည်ကို အချိန်မတိုင်မီ ထုတ်ဖော် ပြောကြားတော် မမူဘဲ တပည့် ရဟန်းပရိသတ် တို့ကို တရားဓမ္မဟောပြ ၍ သောကမီးငြိမ်း အပူဇာတ်သိမ်းစေ ပြီး လျှင်ကုသိနာရုံပြည်သို့ ဆက်လက် ကြွချီတော်မူ လေသည်။ ကုသိနာရုံပြည်သို့ ရောက် သောအခါ မြတ်စွာဘုရားရှင် ၏ အလောင်း တော်ထားသော နံသာတင်ထင်း ပုံကို လက်အုပ် ချီလျှက် လက်ျာရစ် သုံးပတ် လှည့်လည်ပြီး မြတ်စွာဘုရား ၏ ခြေတော် အစုံကို ဦးခိုက်ရိုကျိုး လက်စုံမိုး ၍ ရှိခိုး ကန်တော့လေသည်။
ထိုသို့ ရှင်မဟာကဿပ ထေရ် နှင့် နောက်တော်ပါ ရဟန်းငါးရာ တို့ ရှိခိုးပြီးသည် နှင့် တပြိုင်နက် အလောင်းတော်တင်ထားရာ နံသာထင်းပုံသည် အလို အလျှောက် မီးထ တောက်လေတော့ သည် ။ နံသာ ထင်းပုံကို ၇- ရက်လုံးလုံး မီးလောင်ကျွမ်းလေရာ မြတ်စွာ ဘုရား ၏ ရုပ်ကလာပ်အလောင်တော်သည် မီးသွေး မဖြစ် ပြာမဖြစ် မူ၍ ဓာတ်တော်များ အဖြစ်သာတည် ရှိလေသည် ။ အလောင်းတော် ကိုရစ်ပတ်သော ပုဆိုးသစ် ငါးရာ တို့တွင် ၄၉၈ ထည်သာမီးလောင်ကြွမ်း၍ အပြင်ဆုံးထပ်နှင့် အတွင်းဆုံးထပ်ဖြစ်သော ပုဆိုးသစ် ၂-ထည် ကား မီးလောင်ကျွမ်းမူ မရှိ ၊ ပကတိအတိုင်းရှိလေသည် ။
မလ္လာမင်းတို့သည် နံသာရေတို့ဖြင့် မီးငြိမ်းပြီးနောက် ဓါတ်တော်မွေတော် ရှစ်စိတ် ၂- တင်း ကို ရတနာစီခြယ်သော ကြုတ်၌ ထည့် ၍ ဓါတ်တော် မွေတော်များကို ဓား လှံ လေးမြား စွဲကိုင်သော စစ်သည် တော်တို့ ဖြင့်အထပ်ထပ် ၀န်းရံ စောက်ရှောက်ထားကြလေသည် ။ ဓါတ်တော်မွေတော် တို့ကို ပန်းနံသာ အတီး အမူတ် အဆို အကတို့ ဖြင့် ၇- ရက်တိုင်တိုင် သာဓုကီဠန သဘင်ပွဲကြီးကျင်းပသည်။
ဓါတ်တော်ဝေခန်း
ကုသိနာရုံပြည် ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော် မူကြောင်း ကြားသိရသော အခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ရှင် အဇာတသတ်မင်း ၊ဝေသာလီပြည် လိစ္ဆ၀ီမင်းများ ၊ ကပိလ၀တ် ပြည် သာကီဝင်မင်းများ ၊ အလ္လကပ္ပတိုင်း ဗုလိမင်းများ ရာမရွာကိုအုပ်စိုးသော ဗြဟ္မဏပုဏ္ဏား ၊ဝေဠဒီပက တိုင်းကိုအစိုးရသော ပုဏ္ဏား ၊ပါဝါပြည် မလ္လာမင်းများ ၊ ဤ ၇ - ပြည်ထောင်သော မင်းတို့ သည် ကုသိနာရုံပြည် မလ္လာမင်းတို့ထံ တမာန် တော် စေလွှတ်၍ ဓါတ်တော်မွေတော် များကို ခွဲဝေပေးရန် တောင်းဆိုကြကုန်၏ ။
ကုသိနာရုံပြည် ရှိမလ္လာမင်းတို့သည်လည်း “ ဓာတ်တော်မွေတော်တို့ ကို ခွဲမပေးနိုင်။ မြတ်စွာ ဘုရား သည် ငါတို့တိုင်းပြည် ၌သာ ပရိနိဗ္ဗာန်စံခြင်းဖြစ် ၍ ဓာတ်တော် တို့သည် ငါတို့သာပိုင်သည်” ဟုဆိုကြကုန်၏ ထို အခါ ၇-ပြည်ထောင် မင်းတို့သည် စစ်အင်အား အပြည့်အစုံ ဖြင့်ချီတက်လာကြ၍ ဓာတ်တော်များကို တိုက်ခိုက် လုယူရန် စီစဉ်ကြကုန်၏ ။
ထိုသို့ ကုသိနာရုံ မလ္လာမင်းတို့သည် ၇-ပြည်ထောင်မင်းတို့နှင့်စစ်ခင်းရန် ပြင်ဆင် နေစဉ် ထိုမင်း အားလုံးတို့ကို ခငယ်စဉ်ကပညာသင်ပေးခဲ့ရသော ဆရာဒေါဏပုဏ္ဏား ကြီသည် ကြားဝင် ဖြန်ဖြေစေ့စပ်ပေး၍ ရှစ်ပြည်ထောင်မင်းတို့ကို ဓါတ်တော်တစိတ်စီ ရောဒေါဏ ပုဏ္ဏား ကြီး ကိုယ်တိုင် ဝေငှပေးလေ၏။ ထိုသို့ ရရှိ သော ဓာတ်တော်တို့ကို ရှစ်ပြည်ထောင်မင်းတို့သည် အသီးသီးစေတီတည်ထားကိုးကွယ်ကြလေ၏။
ဓာတ်တော်ကိုဝေဘန်သော ဆရာဒေါဏပုဏ္ဏားမှ ရတနာစီခြယ်သော ဓာတ်တော် ခြင်ခွက်ကို ယူ၍ကိုးကွယ် လေသည်။ဓာတ်တော်များခွဲဝေပြီးသည့်နောက်မှ ရောက်လာသော ပိပ္ပလိသနနေ မောရိသမင်း တို့က အလောင်းတော်ကိုမီးသဂြိုဟ်ရာ ဌာနမှ စန္ဒကူးမီးသွေးကိုသာ ယူ၍ စေတီတည်ထားကိုးကွယ် ပူဇော် ကြရလေ၏ ။
စွယ်တော်လေးစူ တို့တွင် လကျာ်အထက်စွယ်တော်ကား နတ်ပြည် ၊ လကျာ် အောက်စွယ် တော် ကား နဂါးပြည်၊ လက်ဝဲအထက်စွယ်တော်က ကလိင်္ဂရာဇ်ပြည်၊ လက်ဝဲ အောက်စွယ်တော်ကား ဂန္ဓာလရာဇ် ပြည်သို့ရောက် ရှိသွားလေသည်။
သင်္ဂါယနာတင်မည့်ပုဂ္ဂိုလ်ရွေးချယ်ခြင်း
မြတ်စွာဘုရားသခင်သည် ကဆုန်လပြည့်နေ့နံနက် အာရုဏ်တက်ချိန်၌ ပရိနိဗ္ဗာန် စံတော်မူရာ သရီရ ရုပ်အလောင်းတော်ကို ပူဇော်ပွဲ ၇-ရက် ၊ အလောင်းတော်ထားရာ ထင်းပုံကို မီးလောင် ကျွမ်းရာ ၇-ရက် ၊ ဓာတ်တော်ပူဇော်ပွဲ ၇-ရက် အားဖြင့်စုစုပေါင်း ၂၁ -ရက်မြောက် သောနေ့၌ ဓာတ်တော်ဝေပွဲပြီးဆုံး၏ ။ ထို့ ကြောင့် ဓာတ်တော်ဝေသောနေ့သည် နယုန်လဆန်း ၅-ရက်နေ့ဖြစ်လေသည်။
နယုန်လဆန်း ၅-ရက်နေ့ ဓာတ်တော်ဝေပွဲ အပြီး ကုသိနာရုံပြည်၌ စည်းဝေး ကြွရောက် လာကုန်သော ရဟန်းသံဃာ တို့ကားမရေမတွက် နိုင်များလှစွာ၏။ ထိုရဟန်း များစွာ တို့အနက် ခေါင်းဆောင် ဖြစ်သောသံဃာ့ ထေရ်ခုနှစ်သိန်းကို စည်းဝေးစေလျှက် အရှင်မဟာကဿပထေရ်သည် ရဟန်းကြီး သုဘဒ္ဒ၏ ရိုင်းပြသော စကားကိုပြန်လည်မိန့် ကြား၍ သာသနာအဓွန့်ရှည် စွာတည်နေရန် သင်္ဂါယနာတင်ခြင်းကို မလွဲ မသွေ ပြုသင့်ကြောင်း စသည် ဖြင့် မိမိအကြံအစည် ရည်ရွယ်ချက်လုပ်ငန်းစဉ်များကို ရှင်းပြလျှက် သင်္ဂါယနာ တင် ကြဘို့အရေး တိုက်တွန်းနှိုးဆော်တော် မူ၏ ။ထိုအစည်းအဝေး၌ရှိသော သံဃာတော် ၇-သိန်း သည် သံဃာ ယနာတင်ကြရန် သဘောတူညီကြ၍ သင်္ဂါယနာတင်ပွဲ ၌ ပါဝင်ဆောင်ရွက်နိုင် မည့်ရဟန်းများကို အရှင်မဟာကဿပကိုယ်တိုင် ရွေးကောက်တော်မူပါရန် လျှောက်ထားကြ ကုန်၏။
ထိုသို့သံဃာ့ အစည်းအဝေးကြီး၏ တာဝန်ပေးချက်အရ အရှင်မဟာကဿပ ထေရ်သည် ပိဋက သုံးပုံဆောင် ပုထုဇဉ်ရဟန်း၊ သောတာပန် ၊သတ္တဒါဂါမ် ၊ အနာဂါမ် ၊ရိုးရိုး (သုက္ခ၀ိပဿက) ရဟန္တာ ပုဂ္ဂိုလ်များ ကို ရွေးချယ်တော်မမူပဲ ဆဠဘိည၊ပဋ္ဋိသမ္ဘိဒါပတ္တ ရဟန္တာ ပုဂ္ဂိုလ် ၄၉၉- ပါး ကိုသာသင်္ဂါယနာတင် ပွဲ၌ ပါဝင်ရန် ရွေးကောက်တော်မူ၏။ များသောအားဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ် (အမြတ်ဆုံး) အရာထား တော် မူသော ရဟန်းထေရ်ကြီး များကိုသာရွေးချယ်တော်မူ၏။
သံင်္ဂါယနာတင်ပွဲ၌ ပါဝင်မည့် ပုဂ္ဂိုလ် ငါးရာပြည့်အောင် မရွေးဘဲ တပါးလျော့ ထားခြင်းမှာ အရှင် အာနန္ဒာကို ရွေးချယ်လိုသောကြောင့်ဖြစ်၏။ ထိုအချိန်က အရှင်အာနန္ဒာ သည် ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ် ဖြစ် သော်လည်း သောတပန် အဆင့်မျှသာရှိသေး၍ ရဟန္တာအဖြစ်သို့ မရောက်သေးချေ။ သံဃာ ၇-သိန်း ဆဠ ဘိည၊ ပဋ္ဋိသမ္ဘိဒါပတ္တ၊ ပိဋကသုံး ပုံဆောင် ရဟန္တာထေရ်ကြီးများထောင်သောင်းချီ၍ ကျန်ရှိနေပါသေးလျှက် သောတာပန်မျှသာ ဖြစ်သော အရှင်အာနန္ဒာကို ရွေးကောက်လိုက်ပါက မျက်နှာလိုသည် ၊ဘက်လိုက် သည်ဟု မသိနားမလည်သူ တို့ ကဲ့ရဲ့ စရာဖြစ်မည် စိုးသောကြောင့် အရှင်အာနန္ဒာကိုရွေးကောက်တော် မမူချေ။ အကြောင်း မူ အရှင်အာနန္ဒာသည် မြတ်စွာဘုရားသက်တော်ရှိစဉ်က မြတ်စွာဘုရား နောက်တော်က ထပ်ကြပ် မကွာလိုက်ပါလျှက် ဘုရားဟောတရားတော်များ ဓမ္မက္ခန္ဓာ ၈၄၀၀၀- ကို မြတ်စွာဘုရားမြတ်မှောက်တော်၌ မြတ်စွာဘုရားထံမှကိုယ်တိုင်ကိုယ် ကျ ကြားနာသင် ယူမှတ်သားခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်လေသည်။ ထို့ကြောင့် အရှင် အာနန္ဒာကို သင်္ဂါယနာတင်ရာ ၌ ပါဝင်စေလို၍ ငါးရာပြည့်မရွေးဘဲ တပါး လျောရွေးကောက် တော်မူလေ သည်။ ငါးရာပြည့် ရန်လိုသောတပါးအတွက် ထိုအစည်းအဝေးပွဲရှိ သံဃာထေရ်များက အရှင်အာနန္ဒာ ကို ရွေးချယ်ပါရန် လျှောက်ထားကြကုန်၏။ ထိုသံဃာ့ပရိသတ် ၏ တောင်းပန်ချက်အရ အရှင် အာနန္ဒာကို ရွေးချယ် တော်မူရာ မထေရ် ငါးရာပြည့်လေပြီ။
ကုသိနာရုံမှရာဇဂြိုဟ်သို့
ထို့နောက် သင်္ဂါယနာတင်ရန်နေရာကို ရွေးချယ်ကြရာ ရာဇဂြိုဟ်မြို့ကား ကျောင်းတိုက် အများ အပြား ရှိလေ၏။ ပစ္စည်းလေးပါးထောက်ပံ့ နိုင်မည့်ပုဂ္ဂိုလ်လည်း များပြား အားကောင်း၏။ ရာဇဂြိုဟ်ပြည်၌ သံင်္ဂါယနာတင်ပွဲကျင်းပမည်ဖြစ်၍ သင်္ဂါယနာတင် ထေရ်အရှင်ငါးရာမှတပါး အခြားရဟန်းများသည် ရာဇဂြိုဟ် မြို့၌ ၀ါဆိုဝါကပ်ခြင်းမပြုရ ။ အကြောင်းမူ ဤသံင်္ဂါယနာတင်ပွဲသည် ရက်ပေါင်းလပေါင်းများစွာ ကြာရှည်လုပ် ဆောင်ရမည်ဖြစ်၍ သဘောမတူသောရဟန်း တစ်ပါးပါး သည် သံဃာ့အလယ်သို့ ၀င်ရောက် နှောက်ယှက် ဆန့်ကျင်ဘက် ပြုကောင်းပြုလေရာ၏ ။ ထို့ကြောင့်ရာဇဂြိုဟ်မြို့၌ သင်္ဂါယနာ တင် မထေရ်ငါးရာမှတပါး အခြား ရဟန်းများဝါမဆိုရ ဟုအရှင်မဟာကဿပ သည် ဥတ်ကမ္မ၀ါစာ ဖြင့်ကြေငြာ တားမြစ်တော် မူသည်။
ဝါဆိုရန်တလကျော်ကျော် မျှသာလိုတော့သဖြင့် အရှင်မဟာကဿပထေရ် သည် သံင်္ဂါယနာ တင်ပွဲအတွက် ရွေးချယ်ထားသော ရဟန္တာငါးရာအနက် တ၀က်သော ရဟန္တာတို့ကို ဦးဆောင်၍ ၎င်း၊ အရှင် အနုရုဒ္ဓါထေရ် သည် ကျန်တ၀က် သောရဟန္တာ တို့ကို ဦးဆောင်၍ ၎င်း ကုသိနာရုံပြည်မှ ၂၅-ယူဇနာ ကွာသော ရာဇဂြိုဟ်ပြည်သို့ ခရီးတစ် ကြောင်းစီကြွ ချီတော်မူကြလေသည်။ အရှင်အာနန္ဒယမထေရ်သည်မူ ကား တပည့်ရဟန်း ၅၀၀ -နှင့်တကွ သာဝတ္တိပြည် သို့ကြွ၍ ဇေတ၀န်ကျောင်းတော်ကြီးကို ပြုပြင်ပြီး နောက်ရာဇဂြိုဟ်ပြည်သို့ တပါးတည်းကြွတော်မူ၏ ။ အရှင်ပုဏ္ဏထေရ် သည် ကား နောက်ကျ၍ ရောက်လာ သော ရဟန်း ပရိသတ် ၊လူပရိသတ်အား တရားဓမ္မဟောပြနှစ်သိမ့်ရန် ကုသိနာရုံ ပြည်၌ တပည့်ရဟန်း ၇၀၀- နှင့်တကွ နေရစ်၍ ၀ါဆိုခါနီးမှ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၏။
“ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီ” ဟုကြားရသောအခါ ဇမ္ဗူဒီပါတစ်ကျွန်း လုံးရှိ ရဟန်းတော် အားလုံးသည် ပရိနိဗ္ဗာန်စံရာ ကုသိနာရုံပြည်သို့ တပါးမကျန် သွားရောက် ဖူးမျှော်ကြလေသည် ။ ရာဇဂြိုဟ် ပြည်ရှိ ၁၈-ရပ်သော ကျောင်းတော် ကြီးများသည်လည်း ရဟန်းတော်များ တပါးမကျန် ကုသိနာရုံပြည်သို့ ကြွသွား လေရာ ပြုပြင်ထိမ်းသိမ်းစောင့် ရှောက် မည့်သူ မရှိသဖြင့် ဖုံအထပ်ထပ်အမှိုက်သရိုက်များ ဖုံးလွှမ်း နေ၏။ ပိုးရွခြပုန်းများ ကိုက်သဖြင့် ကျိုးပဲ့ပေါက်ပြဲ ပျက်စီးလျက်ရှိကြ၏။
ရာဇဂြိုဟ်ပြည်တွင်သံင်္ဂါယနာတင် ထေရ်အရှင် ၅၀၀-စုံလင်စွာ ရောက်ရှိပြီး နောက် ၀ါဆိုလ ပြည့်ကျော် ၁-ရက်နေ့ ၀ါတိုပွဲသံဃာ့အစည်းအဝေး၌ ပထမ ၁-လ ကျောင်း ပျက် ပြင်ရန်၊ ဒုတိယလမှစ၍ သင်္ဂါယ နာတင်ရန် ဆုံးဖြတ်တော်မူကြ၏ ။
ကျောင်းတော်ကြီး ၁၈- ရပ်
ဝါဆိုလပြည့်ကျော် ၂-ရက်နေ့ တွင် အရှင် မဟာကဿပအမူးပြုသော မထေရ် ကြီးများ သည် အဇာ တသတ်မင်း၏ နန်းတော်သို့ကြွ၍ ကျောင်းတော်ကြီး ၁၈- ရပ်ပြင်လို ကြောင်း ကို မိန့်တော်မူ ရာ အဇာတ သတ်မင်းကြီးသည် ကျောင်းတော်ကြီး ၁၈- ရပ်ကိုပြင်ဆင် ပေးတော်မူ၏။
ကျောင်းတော်ကြီး ၁၈- ရပ်တို့မှာ
၁။ ဝေဠုဝန်ကျောင်းတော် (ဝေဘာရတောင်၏ မြောက်ဘက်၌ ရှိ၏)
၂။ သပ္ပသောဏ္ဍိကကျောင်း (ဝေဘာရတောင်အရှေ့ ဘက်ဆင်ခြေလျှော၌ရှိ၏)
၃။ ပဗ္ဘာရယကျောင်း ၎င်း
၎။ ဂေါတမကန္ဒရကျောင်း ၎င်း
၅။ တိန္ဒုကဂုဟာကျောင်း ၎င်း
၆။ တပေါဒါကန္ဒရကကျောင်း ၎င်း
၇။ တပေါဒါရာမကျောင်း ၎င်း
၈။ ဣန္ဒသာလဂုဟာရကျောင်း ၎င်း
၉။ ပိပ္ပလိဂုဟာကျောင်း ၎င်း
၁၀။ ကာဠသိလာကျောင်း (ဣသိဂိလိတောင်နံရံ၌ ရှိ၏)
၁၁။ ၀ိဇ္ဈကုဋ္ဋ်တောင်ထိပ်ကျောင်း (၀ိဇ္ဈကုဋ္ဋ်တောင်၌ရှိ၏)
၁၂။ စောရပပါတောင်ကျောင်း (၎င်းတောင်နံရံ)
၁၃။ တာလ၀နုယျာနကျောင်း (၎င်းတောင်ခြေ၌ ရှိ၏)
၁၄။ မဒ္ဒကုစ္ဆိမိဂဒါယကျောင်း ၎င်း
၁၅။ ဇီဝကမ္ဗ၀နကျောင်း (၀ိဇ္ဈကုဋ္ဋ်တောင်ခြေ၌ရှိ၏)
၁၆။ မောရနိဝါပကျောင်း ၎င်း
၁၇။ လဌိဝနုယျာနကျောင်း ၎င်း
၁၈။ အန္ဓက၀ိန္ဒကတောကျောင်း (၀ိဇ္ဈကုဋ္ဋ်တောင်၏ အရှေ့ မြောက်ဘက်ရှိ သိပ္ပိနီ ခေါ်ချောင်းငယ်ခြားသည်။)
အာဏာစက် နှင့်ဓမ္မစက်
ထို့နောက် ရာဇဂြိုဟ်ပြည်တွင် သင်္ဂါယနာတင်မည့် အကြောင်းကို အဇာတသတ် မင်းကြီး အား ပြော ကြားရာ “သင်္ဂါယနာတင်ပွဲကို ရဲ ရဲကြီးပြုလုပ်တောမူကြပါဘုရား၊ ဒါယကာ တော် မင်းမြတ်အနေဖြင့် အာဏာ စက်ဖြင့်ကူညီပါမည်။ သံဃာတော်အရှင်မြတ်တို့ ဘက်မှ ဓမ္မစက် တည်အောင် ကြိုးပမ်း တော်မူ ကြပါ ဘုရား ၊ တပည့်တော်ကို အလိုရှိရာခိုင်းစေတော် မူကြပါ ဘုရား” ဟုလျှောက်ထား၏။ ထိုအခါ မထေရ်ကြီးတို့က “သံဃာအစည်းဝေးရာ ဌာန အလိုရှိကြောင်း” မိန်ကြားကြကုန်၏ ။
စရည်းပင်ရောက်ရာ လိုဏ်ဂူဝ
အဇာတသတ်မင်းကြီးလည်း ၀မ်းမြောက်ရွှင်လန်းစွာ ၀န်ခံကတိပြုခဲ့ ပြီး ရာဇဂြိုဟ်ပြည် ဝေဘာရ တောင်နံရံ ၌ တည်ရှိသော စရည်းပင်ရောက်ရာ {ချစားထားပါတယ်} ဂူ၏အနီး တွင် သံဃာတော် ၅၀၀- စုဝေး ရာ မဏ္ဍပ်ဆောက်လုပ်စေတော်မူ၏။ (မဟာယာန တို့၏ မှတ်တမ်း ၌ ဂိဇ္ဈကုဋ္ဋ်တောင် ဣန္ဒသာလလိုဏ်ဂူဝ ၌ ပထမသင်္ဂါယနာတင်သည်ဟုဆို၏)
ထိုသင်္ဂါယနာမဏ္ဍပ်ကြီးကား ၀ိသကြုံနတ်သားဖန်ဆင်းဘိသကဲ့သို့ နံရံများ တိုင်များ စောင်းတန်း လှေကားများဖြင့် အချိုးအစားကျနပြေပြစ်လှပ၏။ အထူးထူးသော ခြူးပန်း ခြူးနွယ်ပန်းချီဆေးရေးရုပ်တို့ဖြင့် တင့်တယ်လှပ နေသည်မှာ ဘုရင့်နန်းတော်ထက်ပင် သာလွန်နေ၍ နတ်တို့၏ ဘုံဗိမာန်ကို ပင် ပြက်ရယ်ပြုနေ သယောင်ထင်ရသည်။ နတ်လူတို့ ၏ မျက်စိအားလုံးသည် ထိုသင်္ဂါယနာမဏ္ဍပ်ကြီးအပေါ် သို့သာတစုတပေါင်း တည်း ငေးစိုက်နေ ကြ သည်ထင်ရ၏။ တလောကလုံးရှိပျော်စရာရွှင်စရာ သာယာကြည်နူးစရာအားလုံးကို တနေ ရာတည်းစုပေါင်းထားသကဲ့သို့ထင်ရသည် ၏။
ဤသို့လျှင် တကြိမ်ကြည့်မိက မခွါနိုင်အောင် တရစ်ဝဲ၀ဲ စွဲနေလောက်သည့် သင်္ဂါယနာ မဏ္ဍပ်ကြီး ဆောက်လုပ်ပြီးသော အခါ မဏ္ဍပ်အတွင်းပိုင်း၌လည်း အနုစိတ်ချယ်မူန်း တန် ဆာဆင်ထား၏။ အရောင်တဖိတ်ဖိတ် တောက်ပနေသည့် လျပသောမျက်နှာကြပ်မှ ပန်းခိုင်၊ ပန်းကုံး၊ ပန်းဆိုင်း တို့သည် တွဲရရွဲ ကျနေ၏။ မဏ္ဍပ်အတွင်းရှိ တမံတလင်းသည် မှန်အပြင်ကဲ့သို့ချောမွေ့ညီညာ၍ စိန်၊ ကြောင်၊ နီလာ၊ ပတ္တမြား၊ ကျောက်မျက် တို့ဖြင့် ပန်းကွက် များဖော်ထား၏။ ဗြဟ္မာမင်း၏ ဘုံဗိမာန်အလား တန်ဆာဆင်၍ ရဟန္တာမထေရ် ၅၀၀- တို့အ တွက် အဖိုးအတိုင်းမသိထိုက်တန်သော အခင်း ၅၀၀- တို့ကိုခင်းထား၏။ သံဃာအားလုံး၏ ရှေ့ ၌ အရှေ့ ဘက်သို့မျက်နှာမူလျှက် ဓမ္မာသနပလ္လင်ကို ခင်းထား၏။ တောင်ဘက်နံရံကို ကပ် လျက် မြောက်ဘက် သို့မျက်နှာ မူ၍ ထေရာသနပလ္လင် ကိုခင်းထား၏။
ထိုသို့ မွမ်းမံခြယ်လှယ်တန်ဆာ ဆင်ပြီးသောအခါ အဇာတသတ်မင်းကြီး သည် သင်္ဂါယနာ မဏ္ဍပ်ကြီး ဆောက်လုပ်ပြီးစီးကြောင်း ကို သံဃာတော်များ အားလျှောက်ကြား၏။
{ ၁။ ထေရာသနပလ္လင် = မေးမည့်ပုဂ္ဂိုလ် (အရှင်မဟာကဿပ)ထိုင်မည့်နေရာ
၂။ ဓမ္မာသနပလ္လင် = ဖြေမည့်ပုဂ္ဂိုလ် ထိုင်မည့်နေရာ }
အရှင်အာနန္ဒာ ရဟန္တာဖြစ်တော်မူခြင်း
ထိုအချိန် ၌ ရဟန်းအချို့ သည်အရှင်အာနန္ဒာကို ရည်ရွယ်၍ “ဤသံဃပရိသတ် ၌ ရဟန်းတပါး သည် ကိလေသာအညှီနံ့ နံစော်လျက်လှည့်လည်သွားလာနေ၏” ဟုဆိုကြကုန် ၏။ ထိုစကား ကိုအရှင်အာနန္ဒာ ကြား၍ “ကိလေသာအညှီအနံ့ လှိုင်သော ရဟန်းဟူသည် အခြားသူမဖြစ်နိုင် ၊ငါ့ကို ရည်ရွယ်၍ သာပြောဆိုခြင်း ဖြစ်ပေမည်” ဟုကြံစည်ကာ လွန်စွာ သံဝေဂ ဖြစ်တော်မူ၍ ၀ိပ္ပဿနာ ကမဌာန်းတရားကို အပြင်းအထန် ကြိုးစား တော်မူ၏။
အချိုသော ရဟန်းတို့သည် “ငါ့ရှင်အာနန္ဒာ၊ နက်ဖန်သင်္ဂါယနာတင်ပွဲ စတော့ မည် ၊သင်ကား ရဟန္တာဖြစ်ရန် ကျင့်ဆဲပုဂ္ဂိုလ်သာဖြစ်၏။ ရဟန္တာမဖြစ်သေးဘဲ သံဃာ့ အစည်း အဝေးသို့ တက်ရောက် ရန်မသင့် လျော်” ဟုသတိပေးစကားဆိုကုန်၏။
ထိုအခါ အရှင်အာနန္ဒာသည် “နက်ဖန် သင်္ဂါယနာတင်ပွဲစတော့မည်။ ရဟန္တာ အဖြစ်သို့ မရောက် သေးဘဲ သံဃာအစည်းအဝေးသို့ တက်ရောက်ရန် မသင့်လျှော်” ဟုစဉ်းစား ဆင်ခြင်၍ တညလုံးမရက်မနား စင်္ကြံလျှောက်လျှက် ကာယဂတာ သတိကမ္မဋ္ဌာန်း (သတိပဋ္ဌာန်) တရားကိုကြိုးစားအားထုတ် ရှူ့ မှတ်ဆင်ခြင် တော်မူ၏။ ကျောင်းပြင်ပ၌ စင်္ကြံ လျှောက်ရင်း အပြင်းအထန် ရှူ မှတ်ပွားများအားထုတ်သော်လည်း တရား အထူး (မဂ်ဥာဏ် အထူး) ဖြစ်ပေါ်မလာနိုင်သဖြင့် ဤ သို့စဉ်းစား ဆင်ခြင်၏။
“အာနန္ဒာ သင်သည် ပါရမီကုသိုလ်ပြည့်စုံသူဖြစ်၏ ၊ ကမ္မဌာန်း တရားကို ကြိုးစား အားထုတ်လော့၊ လျှင်မြန်စွာအာသဝေါကုန်ခန်း ရဟန္တာဖြစ်လတ္တံ့” ဟုမြတ်စွာဘုရားရှင်ကိုယ် တော်တိုင် မိန်တော် မူခဲ့၏။ ဘုရား ရှင် တို့၏စကားသည် မလွဲမှားနိုင်။ ငါသည်အားထုတ်မူ ၀ီရိယ လွန်ကဲနေရာ စိတ်တတ်ကြွ၍ မငြိမ်မသက် ပျံ့လွင့် မူဖြစ်နေသည်။ ၀ီရိယလွန်၍ ဥဒ္ဓစ္စ ဖြစ်နေ သည်။ ယခုဖန်ဝီရိယကို သင့်လျှော်မျှတရုံအားထုတ်အံ့” ဟု ကြံစည်တော်မူလျှက် မိုးသောက် ယာမ်၌ စင်္ကြံ မှဆင်းသက်၍ ခြေတို့ကိုဆေးကြောပြီးလျှင် ကျောင်းတွင်း သို့ဝင်တော်မူ၏။ ကျောင်းတွင်းရှိ ကုတင်ညောင်စောင်း ၌ ထိုင်ပြီးလျှင် “ခေတ္တခဏအပန်းဖြေ လဲလျှောင်း ဦးမည်” ဟုကြံရွယ်၍ ကိုယ်ကို ညောင်စောင်းပေါ်သို့ ညွတ်ကိုင်းလိုက်စဉ် ခြေနှစ်ဖက်သည် မြေမှလွတ်၍ ဦးခေါင်း တော်သည် ခေါင်းအုံးသို့ မထိမီ အာသဝေါ ကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်တော်မူ၏။ ထို့ကြောင့် “ဤသာသနာတော် ၌ သွားလျက်လည်းမဟုတ် ၊ရပ်လျှက်လည်း မဟုတ် ၊ ထိုင်လျှက်လဲမဟုတ် အိပ်လျှက် လဲမဟုတ် ဘဲ ရဟန္တာအဖြစ်သို့ရောက် သောပုဂ္ဂိုလ် ထူးကား အရှင်အာနန္ဒာထေရ်ဖြစ်တော်မူသည်” ဟု ဆိုရပေ မည်။
ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့ ဆွမ်းစားပြီးချိန်၌ မထေရ်ကြီးများသည် သင်္ဂါယနာ တင်အစည်း အဝေးသိ့ စုံညီစွာ ကြွရောက်တော်မူကြသည်။ မထေရ်ကြီးများ စုံလင်စွာ မိမိတို့နေရာ တွင်သီတင်းသုံး နေတော် မူကြပြီး နောက်မှ အရှင်အာနန္ဒာထေရ်သည် ကြည်လင် ရွှင်ပျဝင်းပသော မျက်နှာဖြင့် တပါးတည်း ကြွလာ၍ မိမိ နေရာ၌ သီတင်းသုံး လေသည်။ အရှင်အာနန္ဒာ၏ မျက်နှာထားသည် ရဟန္တာအဖြစ် ကိုနုတ်မှဖွင့် မပြောသော် လည်း အမူအရာဖြင့်ထုတ်ဖေါ်ကြေငြာနေဘိသကဲသို့ ဖြစ်၏။ အရှင်မဟာကဿပသည် အရှင် အာနန္ဒာ ကိုမြင် ရသော အခါ “ရဟန္တာ အဖြစ်သို့ရောက်ပြီးသောအာနန္ဒာကားတင့်တယ်ပေစွ တကား။ အကယ်၍ မြတ်စွာဘုရား သက်တော် ထင်ရှားရှိပါမူ အာနန္ဒာ အားမချွတ်ဧကန်ကောင်း ခြီးပေးလေရာ၏ ။ ယခုငါသည် မြတ်စွာ ဘုရားကို စား ကောင်းခြီးပေးအံ” ဟုကြံတော်မူ၍“သာဓု” သုံးကြိမ်ခေါ်တော်မူ၏။
ဝိနည်းပိဋက သင်္ဂါယနာ
သင်္ဂါယနာတင်ရန်ထေရ်အရှင် ၅၀၀-တို့စုံလင်စွာ စည်းဝေးမိသောအခါ အရှင်မဟာ ကဿပ ထေရ် သည် သံဃာ့နာယက မထေရ် အဖြစ်ဆောင်ရွက်တော်မူ၍ ဆင်စွယ် ရိုးတပ် ယပ်တောင်ကို ကိုင်လျှက် ထေရာသနပလ္လင်၌ ထိုင်နေတော်မူ၏။ ၀ိနည်းပိဋက ကိုသင်္ဂါယနာတင်ရန်အတွက် အရှင်ဥပါလိထေရ်ကို သံဃာ တော်များက ဆန္ဒပြုကြသောအခါ အရှင်ဥပါလိ သည် ဆင်စွယ်ရိုးတပ်ယပ်တောင်ကိုကိုင်လျှက် ဓမ္မာသန ပလ္လင်၌ ထိုင်တော်မူ၏။
အရှင်မဟာကဿပထေရ်သည် ၀ိနည်းသိက္ခာပုဒ်တခုစီ ဖြစ်ပေါ်လာပုံ အကြောင်း အရာအတ္ထု ပ္ပတ္တိနိဒါန်း ကို၎င်း၊ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်မြို့ ရွာကို၎င်း၊ အာပတ်သင့်မူ့ မသင့်မူ့ကို ၎င်း အသေးစိတ် အသီး သီး မေးစိစစ်တော်မူ၏။ မေးတိုင်းမေးတိုင်း ပြသနာတို့ကို အရှင်ဥပါလိ ထေရ်သည် ရှင်းလင်းပြတ်သား စွာ ဖြေဆိုတော်မူ၏။ ဤသို့အမေး အဖြေပြု ၍ မထေရ်အားလုံးသဘောတူညီသောအခါ ရဟန္တာမထေရ် ၅၀၀- တို့သည် သံပြိုင် ရွတ်ဆို၍ အတည်ပြုလက္ခံတော်မူကြသည်။ ဤနည်းအားဖြင့် သိက္ခာပုဒ်တခုချင်းကို မေး,ဖြေ စီစစ်ပြီးတိုင်း အတည်ပြုစုပေါင်းရွတ်ဆိုကြသည်။ ၀ိနယ ပိဋက ကိုသင်္ဂါယနာတင်ရာ၌ အပိုင်း ကဏ္ဍခွဲခြင်း၊ မျိုးတုရာ စုပေါင်းခြင်းပြု၍ ရှေ့ နောက်အစီအစဉ်ကျနအောင် စီမံတော်မူခဲ့ကြ သည်။
သုတ္တန်နှင့်အဘိဓမ္မာပိဋက သင်္ဂါယနာ
ဝိနည်းပိဋက ကိုသင်္ဂါယနာတင်၍ ပြီးသဖြင့် သုတ္တန်နှင့်အဘိဓမ္မာကို သင်္ဂါယနာတင်ရန် အရှင် အာနန္ဒာ ကို သံဃာတော်များက ရွေးလျှောက်သောအခါ အရှင်အာနန္ဒာ သည် ဆင်စွယ်ရိုးတပ် ယပ်တောင်ကို ကိုင်လျှက်ဓမ္မာသနပလ္လင် ၌ထိုင်တော် မူ၏။ ရှေးဦးစွာသုတ္တန်ပိဋက ကိုသင်္ဂါယနာတင်ရာ တသုတ်စီ တသုတ်စီ ၏ အကြာင်းအတ္ထုပ္ပတ္တိ နိဒါန်းကို၎င်း အကြောင်းပြုဟောာကားသောပုဂ္ဂိုလ်ကို၎င်း၊ တသုတ်စီ၌ ပါဝင်သော {ချစားထားပါတယ်}များကို ၎င်း မေးစိစစ်တော်မူ၏။ မေးတိုင်းမေးသော ပြသနာ တို့ကို အရှင်အာနန္ဒာ ထေရ် သည် ရှင်းလင်းပြတ်သားစွာဖြေဆိုတော်မူ၏။ တသုတ်စီကို မေး,ဖြေ စိစစ်ပြီးသောအခါ ရဟန္တာ ၅၀၀-တို့သည် စုပေါင်းညီညာသံပြိုင်ရွတ်ဆို၍ အတည်ပြု လက္ခံတော်မူကြ၏။ ဤနည်းအားဖြင့် သုတ္တန်န္တ ပိဋကကို ဒီဃနိ ကာယ် ၊ မိဇ္စျိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူ၍ အပိုင်းကဏ္ဍခွဲခြင်း၊မျိုးတူရာ စုပေါင်းခြင်းပြု၍ ရှေ့ နောက် အစီအစဉ်ကျနအောင် စီမံတော်မူခဲ့ကြသည်။ ထိုနောက် အဘိဓမ္မာ ပိဋကကို သင်္ဂါယနာတင်ရာ အရှင်အာနန္ဒာ ဖြေကြားသော အဘိဓမ္မာ ၇-ကျမ်းကို အစီစဉ်တကျ ခွဲခြားကာ သင်္ဂါယနာ တင် တော်မူခဲ့ကြသည်။
ဤသို့ ပထမသင်္ဂါယနာတင်စဉ်ကပင်လျှင် ဓမ္မ ၀ိနယ အားဖြင့်၎င်း၊ ပိဋကသုံးပုံ အားဖြင့်၎င်း၊ နိကာယ် ၅-ရပ်အားဖြင့်၎င်း၊ အင်္ဂါကိုးတန်အားဖြင့်၎င်း၊ ဓမ္မက္ခန္ဓာ ၈၄၀၀၀-အားဖြင့် ၎င်း၊ ဧကနိပါတ် ၊ {ချစားထားပါတယ်}နိပါတ် စသည်အားဖြင့်၎င်း ၊ အစီအစဉ်နေရာ တကျဖြစ်အောင်ခွဲခြားသတ်မှတ်၍ သင်္ဂါယနာတင်တော်မူခဲ့ကြသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ လက်ရှိထေရ၀ါဒ ပိဋက သုံးပုံသည် ပထမသင်္ဂါယနာတင်စဉ်က အရှင်မဟာ ကဿပ အမှူးပြုသော ရဟန္တာထေရ်ကြီး ၅၀၀-တို့စီစဉ်ခဲ့သည့် အစီအစဉ်အတိုင်း ရှေးမူမပျက်ရှိနေလေသည်။
သင်္ဂါယနာတင်ရာ၌ တစုံတရာဖြုတ် ပယ်ခြင်း ၊ဖြည့်စွက်ခြင်းများ ရှိသလောဟု မေးပါက ဘုရား ဟော တရား(ဗုဒ္ဓဘာသိတ)မှာ တစုံတရာဖြုတ် ပယ်ခြင်းမရှိချေ။ သာဝက ဟောသောတရား (သာဝက ဘာသိ တ)နှင့် နတ်ဗြဟ္မာတို့ဟောသောတရား (ဒေ၀တာ ဘာသိတ) များမှာမူ အချို့ ကိုနုတ်ပယ် ရသည်ရှိ၏။ ဖြည့် စွက် ချက်ကိုမူ ကားသင့်တော်ရာ၌သာ ထည့်သွင်းပေးရ၏။ ထိုဖြည့်စွက်ချက်ဆိုသည်မှာလည်း အရေးကြီး သောတရားသား အဓိပ္ပါယ် ဖြည့်စွက်ချက် မဟုတ်ချေ။ ရှေ့ နောက် အဆက်စပ်ပြေပြစ်စေရန် စကားစပ်များ ထည့်ပေး ချင်းမျှ သာ ဖြစ်၏။
ဥပမာ - “ထိုအခါ ဤ သို့မိန်တော်မူ၏ ၊ ဤသို့ဆိုလတ်သော် ၊ ဤသို့အကြံဖြစ်တော်မူ၏၊ ၏သို့ကြား နာလိုက်ရ ၏” စသောရှေ့ နောက် ပြေပြစ်စေရန် ထည်သွင်းပေးသော စကားစပ် များသာဖြစ်လေ သည်။
အငယ်စားသိက္ခာပုဒ်များပြသနာ
သင်္ဂါယနာတင်ပွဲကြီး ပြီးဆုံးသောအခါ အရှင်အာနန္ဒာသည် ရဟန္တာမထေရ်ကြီး များကို ဤသို့ လျှောက်၏ -
“မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူခါနီး ၌ ငါဘုရားပရိနိဗ္ဗာန်စံဝင်ပြီး နောက် သံဃာသည် အလိုရှိပါမူ အငယ်စားသိက္ခာပုဒ်များကို ပယ်ဖြုတ်ကြကုန်လေလော့” ဟုမိန်ဆိုတော် မူခဲ့ ပါသည်။ သို့ရာတွင် တပည် တော်သည် ‘မည်သည့် သိက္ခာပုဒ်များကို အငယ်စားသိက္ခာ ပုဒ်ဖြစ်သည်’ ဟုမေးလျှောက်ပါ သည် ဘုရား”။
ထိုအခါရဟန္တာမထေရ်ကြီးများက ပါရာဇိကကံနှင့် သံဃာဒိသိသ်မှ ကြွင်းသော သိက္ခာပုဒ်တို့ကို အငယ်စားသိက္ခာပုဒ်ဟုဆိုကြကုန်၏ ။ အချို့သောရဟန္တာမထေရ် ကြီးများက ပါရာဇိကလေးပါး ၊ သံဃာဒိသိသ် ဆယ့်သုံးပါး ၊အနိယတ နှစ်ပါးမှကြွင်းသောသိက္ခာပုဒ်များကို အငယ်စားသိက္ခာပုဒ်များ ဟုဆိုကြကုန်၏။
အချို့သောရဟန္တာမထေရ် ကြီးများက ပါရာဇိကလေးပါး ၊ သံဃာဒိသိသ် ဆယ့်သုံးပါး၊ အနိယ တ နှစ်ပါး၊ နိဿဂ္ဂိပါစိတ်သုံးဆယ်မှ ကြွင်းသောသိက္ခာပုဒ်များကို အငယ် စားသိက္ခာပုဒ်များ ဟုဆိုကြကုန်၏။
အချို့သောရဟန္တာမထေရ် ကြီးများက ပါရာဇိကလေးပါး ၊ သံဃာဒိသိသ် ဆယ့်သုံးပါး၊ အနိယ တ နှစ်ပါး၊ နိဿဂ္ဂိပါစိတ်သုံးဆယ် ၊ ပါစိတ်ကိုးဆယ့်နှစ်ပါးမှ ကြွင်းသော သိက္ခာပုဒ်တို့ကို အငယ်စား သိက္ခာပုဒ်ဟုဆိုကြကုန်၏ ။
ဤသို့ဆို လျှင် အငယ်စားသိက္ခာပုဒ်များကိုဖြုတ်ပယ်ဖို့ အရေး၌ အယူအဆ မတူ သဘော ကွဲလွဲတော်မူကြကုန်၏ ။ အမှန်စင်စစ် ဒုက္ကဋ် အာပတ်နှင့် ဆိုင်သော သိက္ခာပုဒ်များကို အငယ်စား (ခုဒ္ဒ)၊ ဒုဗ္ဘာသီ အာပတ်နှင့် ဆိုင်သော သိက္ခာပုဒ်များကို (အငယ်ဆုံး အနုခုဒ္ဒ) ခေါ်ကြောင်းကို ရဟန္တာကြီးများ သိတော် မူကြ၏။ သိုရာတွင်ဖြုတ်ပယ် ရန်သဘောမတူသောကြောင့် ဖြုတ်ပယ်မူ မပြုနိုင်အောင် အယူအဆ အမျိုးမျိုး ထုတ် ဖေါ် ပြောဆိုတော် မူကြခြင်းဖြစ်၏ ။
ထိုအခါ သံဃမဟာနာယက ဖြစ်တော်မူသော အရှင်မဟာကဿပ သည် ဤသို့ မိန်ဆို တော် မူ၏-
“ဗုဒ္ဓမြတ်စွာဘုရား၏ တပည့်သာဝကများ လိုက်နာကျရမည့် သိက္ခာပုဒ်များကို လူဝတ်ကြောင် များက သိနေကြလေပြီ။ နေလွဲညစာစားပါက ပါစိတ်အာပတ်သင့်၏။ သစ်ပင် သစ်ကိုင်းကို ချိုးဖဲ့ခုတ်ဖြတ် ခူးယူ ပါက ပါစိတ်အာပတ်သင့်၏။ ဆန်၊ စပါး၊ ပဲ၊ ပြောင်း တို့ကို ကိုင်တွယ်တို့ထိပါက ဒုက္ကဋ်အာပတ်သင့် ၏။ ဤ ဖော်ပြပါ ဒုက္ကဋ်အာပတ် နှင့် ပါရစိတ်အာပတ် တို့သည် အငယ်စားဖြစ်သော်လည်း ရဟန်းတို့ မပြုလုပ်ရဟု လူဒါ ယကာ များသိရှိနေကြ၏။ ဤသို့လူ ဒါယကာများသိရှိနားလည်နေသော သိက္ခာပုဒ်အငယ်စားများကို ဖြုတ် ပယ် ၍ ရဟန်းတော်များ မလိုက်နာမကြင့်သုံးဘဲ နေကြပါမူ အများသူငါကဲ့ရဲ့ စရာဖြစ်လတ္တံ့ ။
‘ဂေါတမဘုရားရှင်လဲ ပရိနိဗ္ဗာန်စံရော၊ သူ့တပည့်တွေလဲ ဘာစည်းကမ်းမှ မလိုက်နာ ကြတော့ ဘူး။ဂေါတမဘုရားရှင်ပညတ်ခဲ့တဲ့ သိက္ခာပုဒ်တွေကို မလိုက်နာ မကြင့်ကြံ ကြတော့ဘူး။ ဂေါတမဘုရားရှင်ရဲ့ အ လောင်း တော်ကို မီးသင်္ဂြိုဟ်တဲ့နေရာ ကမီးခိုးတောင် မတိတ်သေးဘူး၊ နောက်လိုက် တပည့်တွေက ဘုရား ပညတ် ခဲ့တဲ့ သိက္ခာပုဒ်တွေမလိုက်နာ ကြတော့ဘူး။’
ဤသို့စသည်ဖြင့် လူတို့ကဲ့ရဲ့ ဖွယ်ရာ ဖြစ်ပေမည်။ ထို့ကြောင့်မြတ်စွာဘုရား ပညတ်တော် မမူခဲ့ သော သိက္ခာပုဒ် ဥပဒေအသစ်များကို နောက်ထပ်တိုးချဲ့ ပညတ်ခြင်း မပြုကြပါကုန်စို့၊ မြတ်စွာဘုရား ပညတ် တော် မူပြီး သော သိက္ခာပုဒ်များကို ဖြုတ်ထုတ်ပယ်နုတ် ခြင်းမပြုကြ ပါကုန်စို့” -ဟုမိန်ကြားတော်မူ၏။
ထိုသို့ အဆိုပြုချက်ကို သံဃာဦးဆောင်ရဟန္တာမထေကြီး ငါးရာတို့က တညီတညွတ်ထဲ သဘော တူလက်ခံတော်မူကြ၍ ပထမသင်္ဂါယနာကြီး၌ အောက်ဖော်ပြပါ မူကြီး သုံးချက်ကို တညီတညွတ် တည်း ဆုံးဖြတ်တော်မူခဲ့ကြ၏။
၁။ သံဃော အပ္ပညတံ္တ နပ္ပညပေတိ (သံဃာတော် သည် မြတ်စွာဘုရား မပညတ်ခဲ့သည်ကို အသစ်တိုးချဲ့ ပညတ်ချင်းမပြုအံ့ )
၂။ ပညတ္တံန သမုစ္ဆိန္ဒတိ (မြတ်စွာဘုရား ပညတ်ခဲ့သည်ကို ဖြုတ်ပယ်ဖျက်ဆီးချင်းမပြုအံ့ )
၃။ ယထာပညာတ္တေသု သိက္ခာပဒေသု သမာဒါယ ၀တ္တတိ (မြတ်စွာဘုရားပညတ်တော်မူခဲ့ သော သိက္ခာပုဒ် (စည်းကမ်းဥပဒေ)များကို ရိုသေစွာ လိုက်နာကျင့်သုံးပါအံ့။
ဤဖေါ်ပြပါမူကြီး သုံးချက်အတိုင်း ဖြည့်စွက်ခြင်း ထုတ်ပယ်ချင်းလုံးဝမပြုပဲ မူလအရှိအတိုင်း တရိုတသေ ထိန်းသိမ်းစောက်ရှောက် ကျင့်သုံးလာသော ဂိုဏ်းကို ထေရ၀ါဒ ဂိုဏ်းဟုခေါ် တွင်လေသည်။
မြတ်စွာဘုရားသည် “အငယ်စားသိက္ခာပုဒ် များကိုဖြုတ်ပယ်လိုက ဖြုတ်ပယ်ကြ လော့” ဟုအ ဘယ် ကြောင့်မိန်တော်မူလေသနည်း။ ဤသို့မိန်တော်မူသော်လည်း မြတ်စွာဘုရား ၏ တပည့်သာဝက ကြီးများသည် သိက္ခာပုဒ်တခုကို မဆိုထားဘိ ဘုရားဟော ကြား ပညတ်ချက်မှ စကားတလုံးကိုမျှ(သဝေထိုး တခု၊ တချောင်းပုဒ်တခုကိုမျှ) ဖြုတ်ပယ်လိမ် မည် မဟုတ်ဟု သိမြင်တော်မူပြီးဖြစ်လေသည်။ အကြာင်းမူကား မြတ်စွာဘုရားပညတ်တော် မူခဲ့သော သိက္ခာပုဒ်(စည်းကမ်းဥပဒေ) အားလုံးသည် ရဟန်းအပေါင်းတို့ ချမ်းသာ စေရန်၊ ဘေးရန်အနှောက် အယှက်ကင်းစေရန်၊ အကျိုးငှာသာဖြစ်ပေသည်။ ထိုသို့ကောင်းကျိုး ချမ်းသာကို ဖြစ်စေ သော သိက္ခာပုဒ်များကို သံဃာထေရ်ကြီးများက ဘယ်သောအခါမှဖြုတ်ပယ် လိမ့် မည်မဟုတ်ချေ။
သိက္ခာပုဒ်ပညတ်သည်ကိုမလိုလားမှူ
သို့ရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သိက္ခာပုဒ်များကို ပညတ် တော်မူရာတွင် အချို့ သောရဟန်းများက မိမိဆန္ဒအကြိုက်နှင့် မကိုက်ညီ ၍ ကန့်ကွက်လိုကြ သည်။ မြတ်စွာဘုရားရှင်သည် မင်းမျိုးဖြစ်၍ ဘုရင်မင်းမြတ်အားလုံး၏ ကိုးကွယ်ပူဇော်မူ့ကို ခံယူရသည့်ပြင် အရှင်သာရိပုတြာ၊ အရှင်မော ဂ္ဂလ္လာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ စသော သီလ၊ သမာဓိ၊ ပညာ၊ တခိုး ဣဒ္ဓိပါဒ် ရှိသောတပည့် ကြီးများဖြင့် ၀န်းရံထားအပ်၏။ ထို့ကြောင့်လူသာမန်တို့ အနေဖြင့်မြတ်စွာဘုရားအား ခွန်းတုံးပြန် ပြောရန် မဆိုထား ဘိ မျက်နှာ ချင်းဆိုင်ရန်ပင် မ၀ံကြပေ။ ဤသို့ အရှိန်အ၀ါသြေဇာကြီးမား လှသဖြင့် မြတ်စွာဘုရား ပညတ် တော်မူသော သိက္ခာပုဒ် (ထုတ်ပြန်လိုက်သောစည်းကမ်းဥပဒေ) ကို အချို့ ရဟန်းများမှာ မကျေနပ် သော်လည်း ကြိတ်မှိတ် အောင့်အည်း လိုက်နာခဲ့ကြရ၏။ သုဘဒ္ဒ တောထွက် ရဟန်း ကြီး၏ ၀တ္တုကို ကြည့်ပါက ၏အချက်မှာထင်ရှားလှ၏။
ရဟန်းများ နေ့လွဲညစာမစားရဟု သိက္ခာပုဒ်ပညတ်စဉ်က ဘဒ္ဒါလိအမည်ရှိ သော ရဟန်းသည် “ညစာမစားရပါက အရှင်ဘုရာ့ သာသနာမှာတပည်တော်ဆက်လက်နေ နိုင်ပါမလားသံသယ ဖြစ်မိသည်” စသည်ဖြင့် မကျေနပ်ချက်ကို ဖွင့်ဟလျှောက်ထား ခဲ့သည်။
(မဇ္စျိမပဏ္ဏာသ၊ ဘဒ္ဒါလိသုတ်၊ ၁၀၀)
အရှင်မဟာဥဒါယီကလည်း “လူဘ၀မှာ ညစာကို အကောင်းဆုံးထားပြီး စည်းစိမ်ခံကြရသည်။ ‘ရဟန်းများညစာမစားရ’ ဟုပညတ်ချက်ကို ကြားရသောအခါ စိတ်နှလုံးမသာမယာ ဖစ်ခဲ့ရပါသည် ဘုရား” ဟုဖွင့်ဟ လျှောက်ထားခဲ့သည်။
(မဇ္စျိမပဏ္ဏာသ၊ လဋုကိကောပမသုတ်၊ ၁၁၁)
အချို့ သောပုဂ္ဂိုလ်များကမူကိလေသာစင်ကြယ်အောင် အာသဝေါကုန်ခန်း အောင် ကျင့်ဖို့သာ ပဓာနဖြစ်သည်။ ကိလေသာအာသဝေါကုန်ခန်းပြီးပါက ၀ိနည်းသိက္ခာပုဒ် များကို လိုက်နာရန်မလို ဟုယူဆကြ သည်။ အမှန်စင်စစ် အချို့ သိက္ခာပုဒ်များမှာ ကောင်းသော လုပ်ငန်း မှန်သောလုပ်ငန်း များကိုပင် အသိဥာဏ် နည်းသူတို့တွေ့မြင် ၍ ကဲ့ရဲ့ ပြစ်မှားမိပါက ထိုကဲ့ရဲ့ ပြစ်မှားမူ ပြုသူတို့မှာ အကုသိုလ်ပွား များစရာရှိသောကြောင့် ရဟန်းများမပြုလုပ်ရဟု တားမြစ်ချက်များဖြစ်သည်။
ရဟန္တာလည်းအာပတ်သင့်နိုင်သည်
ဥပမာ- ရဟန္တာပုဂ္ဂိုလ်တပါးသည် စာပေမသင်ကြားဘူးသဖြင့် သိက္ခာပုဒ်များကိုမသိနား မလည်ချေ။ ထိုရဟန္တာ၏ မိဘနှစ်ပါးသည် ခိုက်ရန်ဖြစ်၍ မိခင်သည် အိမ်မှဆင်းသွား၏။ ဖခင်သည်သား ရဟန်းအား မိခင်ကိုပြတ် ခေါ်ပေးပါရန်ပြော၏။ သားရဟန်းသည် မွန်မြတ်သော မေတ္တာစေတနာဖြင့် မိခင်ကိုလိုက်ခေါ်၍ အကျိုး အကြောင်း ကို ဖခင်ထံတဖန်ပြန်ပြောပြလျှင် ထိုရဟန္တာမှာ သံဃာဒိသိသ်အာပတ်သင့်လေသည်။ (ကင်္ခါ၊ ဋ္ဌ ၊ ၁၃၃)
ဤအချက်ကို မသိသော ပဋိပတ္တိဘက်မှ ပုဂ္ဂိုလ်ကြီးများသည် ဤ ခေတ်တွင် စာပေ မတတ်ချင်း ကိုဂုဏ်ယူနေကြ လေသည်။ ရဟန်းဝတ်ဖြင့်နေသောပုဂ္ဂိုလ်မှန်သမျှသည် သဒ္ဒါ သင်္ဂြိုဟ်၊ ပါဠိစကား၊ အရေး၊ အပြော ကိုမသင်လိုက မသင်ယူပဲနေနိုင်ပါ၏။ သို့ရာတွင် ၀ိနည်း သိက္ခာပုဒ်များကို မူကား မလွဲမသွေ သင် ယူမှတ် သားကြရမည့် တာဝန်ရှိလေသည်။ ပါဠိလိုမကျက်နိုင်ပါက မြန်မာလိုသဘောအဓိပ္ပါယ်ကို မူ ကျက်မှတ် ထားရမည့်တာဝန် ရှိလေ သည်။ ဥပဒေကိုမသိ၍ လွန်ကျူးသော်လည်း အပြစ်ရှိသည် သာဖြစ်၏။
အကယ်၍ အသက်အရွယ်ကြီးရင့်၍ ၀ိနည်းသိက္ခာပုဒ်များကို ကိုယ်တိုင် ကျက်မှတ် နိုင်စွမ်းမရှိပါမူ မိမိတပါးတည်းသီးခြားနေထိုင် ခွင့်မရှိချေ။ ၀ိနည်းတတ်ကျွမ်းသော မထေရ် ကြီး များ ၏အနီး၌သာနေရမည်။ ၀ိနည်းဓိုရ် ပုဂ္ဂိုလ်ကြီးများ၏ အဆုံးအမကို ခံယူနေရပေမည်။
ပုထုဇဉ် ဖြစ်စေ၊ ရဟန္တာဖြစ်စေ ရဟန်းမှန်လျှင် အာပါတ်တခုခု သင့်လေ့ရှိ၏။ သိက္ခာပုဒ်ကို သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စိတ်မပါပဲ အမှတ်တမဲ့ဖြစ်စေ အာပါတ် သင့်နိုင်၏။ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်များသည်လည်း ဒေသနာပြောကြားရ၏။ အာပါတ်ကိုကုစားရ၏။ လပြည့်လကွယ်နေ့တိုင်း ပါတိမောက် ရွတ်ပြရာ၊ ဥပုသ်ပြုရာသို့ ရဟန်းတိုင်းသွားရောက်နားထောင်ကြရ၏။ ရဟန်းများသည်လပြည့် လကွယ်နေ့များတွင် သိမ်အတွင်း၌စည်းဝေး၍ စွမ်းနိုင်သောပုဂ္ဂိုလ်က ၂၂၇-သွယ် သော သိက္ခာ ပုဒ်များကို အစအဆုံးရွတ်ပြ၍ ထိုသိက္ခာပုဒ် များအရ အာပါတ်သင့်ခြင်းရှိ မရှိ မေးမြန်းစီစစ် ရသည်။ အာပါတ်သင့်ကြောင်းကိုတွေ့ ရှိက ထိုနေရာမှာပင်ဒေသနာကြား၍ အာပါတ်ကို စင်ကြယ် အောင် ကုစား ရ၏။ ထိုကြောင့် လပြည့်လကွယ်နေ့တိုင်းဥပုသ်ပြု ခြင်းသည် လွန်စွာ အရေးကြီး၏။
ရဟန္တာလည်း ဥပုသ်ပြုရသည်
ဤအချက်ကိုသဘောမပေါက်သော ရဟန္တာအရှင်မဟာကပ္ပိနသည် တပါးတည်း နေတော်မူစဉ် ဤသို့အကြံအစည်စဉ်းစားလေ၏။
“ငါသည်အလွန်စင်ကြယ်၏၊ အာပါတ်ဟူ၍ မြူမျှမရှိ အတိုင်းထက်အလွန် စင်ကြယ်နေသော ကြောင့် သံဃာ တော်များ ဥပုသ်ပြုရာသို့ သွားရန်လိုပါဦးမည်လော၊ စင်ကြယ်ပြီးသောရဟန္တာ ပုဂ္ဂိုလ် များကားဥပုသ်ပြုရာ ၊ ပါတိမောက်ရာသို့ သွားရောက်ရန်မလိုဟုထင်၏။”
ဤသို့စဉ်းစားနေသည် ကို မြတ်စွာဘုရား သိတော်မူ၍ တန်ခိုးတော်ဖြင့်ကြွ ရောက်တော် မူလာ ပြီးလျှင် -
“ဥပုသ်ပြုခြင်း၊ပါတိမောက်ရွတ်ပြခြင်းကို သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး ရိုသေ လေးစား ကြရမည်။ ဥပုသ်ပြုရာသို့ မသွားပဲမနေရ၊ သွားကိုသွားရမည် ”- ဟုမိန့်ကြားတော်မူလေသည်။ (၀ိနည်း၊ မဟာဝါ။ ၁၄၅)
မဖြုတ်လိုသော သံဃာတော်၏ ဆန္ဒမွန်
ယခုပြဆိုခဲ့သော ဘဒ္ဒါလိ၊ မဟာဥဒ်ယီ စသော ပုဂ္ဂိုလ်များကဲ့သို့ အချို့ ကမိမိ အကြိုက်နှင့် မကိုင်ညီ ၍ ၎င်း ၊အချို့ ကအကျိုးအပြစ်ကို မသိ၍၎င်း၊ ၀ိနည်းသိက္ခာ ပုဒ်များကို နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲ မလွဲသာ၍ လိုက်နာကြရ သော ရဟန်းများရှိလေသည်။
ထိုသို့ မကြေမလည်ဖြစ်နေသောရဟန်းများကို ကြေကြေညက်ညက်ဆွေးနွေးခွင့် ဖွင့်ပေးသည့် အနေဖြစ် သာ “ငါဘုရား ပရိနိဗ္ဗာန်စံက အငယ်စားသိက္ခာပုဒ်များကို သံဃာသည် ဖြုတ်လိုက ဖြုတ်ကြလော့ ”ဟုမိန်တော်မူခဲ့ရခြင်းဖြစ်လေသည်။ ရဟန်းတို့အား ဆင်းရဲ ကိုပယ်ဖျောက်၍ ချမ်းသာကိုဆောင်မည့် ၀ိနည်း သိက္ခာပုဒ် (စည်းကမ်းများကို)သံဃာ ဦးဆောင် ရဟန်းမထေရ်ကြီးများက ပယ်ဖြုတ်လိမ့်မည် မဟုတ်ချေ။ ဥပမာအားဖြင့် စင်္ကြ၀တေး မင်းကြီး နတ်ရွာစံခါနီး၌ သားတော်ကြီးများအား “လက်ရှိ အုပ်စိုး နေသော နယ်ပယ် အချို့ ကို စွန့်လိုကစွန့်ရစ်ကြ ”ဟုမိန့်တော် မူသော်လည်းသားတော်ကြီးများသည် ဘယ်နည်းနှင့်မျှ လက်ရှိ့  နယ်ပယ် များကို စွန်ကြလိမ့်မည်မဟုတ်ဟု သိပြီးဖြစ်ပေသည်။ (မိလိန္ဒပဥှာပါဠိတော်)
ဆရာဖြစ်သော မြတ်စွာဘုရားရှင် ကိုယ်တိုင်က ပယ်ဖြုတ်လိုက ဖြုတ်ပယ်ကြရန် ခွင့်ပေးပါလျှက် တပည့်သာဝက များက ပယ်ဖြုတ်ခြင်းမပြုဘဲ တညီတညွတ်တည်း သဘော တူလက်ခံ ကျင့်သုံးပြသသဖြင့် ထိုမြတ်စွာဘုရား၏ ၀ိနည်းသိက္ခာပုဒ်စည်းကမ်းများသည် မှန်ကန်၍ တရားနှင့် လျှော်ညီကြောင်း၊ တရားစစ် တရား မှန် ဖြစ်ကြောင်းထင်ရှားစေလေသည်။ ထိုတရားကိုဟောကြားသော ဘုရားသည်လည်း ဘုရားစစ် ဘုရားမှန်ဖြစ် ကြောင်းထင်ရှား စေသည်။ ထိုမှန်ကန်သောအကျင့် ကိုလိုက်နာကျင့်သုံးသော တပည့်သာဝက တို့သည်လည်း သံဃာစစ် သံဃာမှန်ဖြစ်ကြောင်း ပိုမိုထင်ရှားလေသည်။ ဗုဒ္ဓဘာသာကိုမကြည်ညိုသူ ဘာ သာခြား (အညတိတ္တိယ)တို့အား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ အစစ်အမှန်ကိုသိရှိနားလည် ကြည်ညိုလာကြစေရန် ၎င်း၊ ဘုရားရှင်၏ အရှိန်အ၀ါသြဇာကြောင့် ၀ိနည်းသိက္ခာပုဒ်များ ကိုမလွဲမရှောင်လက်ခံကျင့်သုံးကြရသည် ဟု အပြစ်ရှာပြောလိုသူတို့ကို နှုတ်ပိတ်သွားစေ၍ တပည့်သာဝက ရဟန်းများကိုယ် တိုင်က ကျေကျေနပ်နပ် လိုလိုလားလား လက်ခံကြင့်သုံးမူ့ ပြုကြ သည်ကို ထင်ရျားစေရန် ၎င်း “ငါဘုရား ပရိနိဗ္ဗာန်စံ ပြီးနောက် အငယ်စားသိက္ခာပုဒ် များကို ဖြုတ်လိုကဖြုတ်ကြလော့ ”ဟုမြတ်စွာဘုရားမိန်တော်မူခဲ့ခြင်းဖြစ်လေသည်။ “မြတ်စွာဘုရား ကိုယ်တိုင်က ပယ်ဖြုတ်ခွင့်ပေးပါလျှက် ငါတို့ ရဟန်းသံဃာများ ကိုယ်တိုင်လိုလိုလားလား လက်ခံကြင့် သုံးလိုကြသော သိက္ခာပုဒ်တော်များပါတကား ” ဟုတရား နည်းပါးသော ပုထုဇဉ်ရဟန်းအချို့ တို့သည်လည်း အများနည်းတူ လက်ခံ လာကြလေတော့သည်။
အရှင်အာနန္ဒာ အပြစ်တင်ခံရခြင်းများ
သင်္ဂါယနာတင်ပွဲ ပြီးဆုံးသောနေ့ ၌ ရဟန္တာမထေရ်ကြီးများသည် အရှင် အာနန္ဒာအပေါ် ဝေဘန်ပြစ်တင်မူပြုကြလေသည်။
၁။ “ငါဘုရား ပရိနိဗ္ဗာန်စံပြီးနောက် အငယ်စားသိက္ခာပုဒ်များကို သံဃာသည် ဖြုတ်ပယ်လိုက ဖြုတ်ပယ်ကြလော့ ”ဟု မြတ်စွာဘုရားမိန်တော်မူရာ၌ “မည်သည့်သိက္ခာပုဒ် များသည် အငယ်စားသိက္ခာပုဒ်ဖြစ်သည် ”ဟုအရှင် အာနန္ဒာသည် ခွဲခြားမမေးလျှောက်မိချေ။ ထိုသို့မမေးလျှောက်မိခြင်းသည် အရှင်အာနန္ဒာ၏ ပေါ့လျော့မူ့၊ ချွတ်ယွင်း မူ့ဖြစ်သည်ဟု အပြစ်တင်ကြလေသည်။ (အမှန်စင်စစ် အရှင်အာနန္ဒာသည် သိက္ခာပုဒ်များကို ပယ်ဖြုတ်ရန် လုံးဝမရည်ရွယ်သောကြောင့် “အဘယ်သိက္ခာပုဒ်သည် အငယ်စား ဖြစ်ပါသနည်း”ဟု မေးရန်မလိုသဖြင့် မလျှောက်မိခြင်းဖြစ်ပေသည်။)
၂။ တရံရောအခါ မြတ်စွာဘုရားရှင်အတွက် မိုးရေခံသင်္ကန်း ချုပ်ကြသောအခါ အရှင်အာနန္ဒာ သည် ထိုသင်္ကန်းစကို ခြေဖြင့် နင်းဖိ၍ ချုပ်၏။ ထိုသို့မြတ်စွာဘုရား၏သင်္ကန်းကို ခြေဖြင့်နင်းခြင်းသည် မရိုသေရာရောက်သည်ဟုအပြစ်တင်ကြလေသည်။
၃။ ကုသိနာရုံပြည်မြတ်စွာဘုရားပရိနိဗ္ဗာန်စံသောအခါ မြတ်စွာဘုရား၏ အလောင်းတော်ကို လာရောက် ဖူးမြော်သူများအနက် အိမ်အပြန်မိုးမချုပ်စေရန်အတွက် အရှင်အာနန္ဒာသည် အမျိုးသမီးများ အား ပထမ ဦးစွာ ဖူးမျှော်ခွင့်ပေး၏။ ထိုအမျိုးသမီးများ ငိုယိုမူကြောင့် မြတ်စွာဘုရား၏ ရုပ်အလောင်းတော်များကို မျက်ရည် များ ဖြင့်ပေကျံခဲ့ရလေသည်။ ဤသို့ အမျိုးသမီးထုအား ပထမဦးစွာ ရှိခိုးခွင့်ပြူသည့် အတွက်လည်း အရှင်အာနန္ဒာ ကို အပြစ်တင် ကြလေသည်။
၎။ မြတ်စွာဘုရားသည် “အလိုတော်ရှိ ပါကအာယုကပ်ပတ်လုံးနေနိုင်ကြောင်း ” ကိုမိန်တော်မူ ပါလျက် “သတ္တ၀ါ တို့ကို သနားသောအားဖြင့် အာယုကပ် ပတ်လုံးတည်တော်မူပါဘုရား”ဟု မတောင်းပန်ခြင်းသည် လည်း အရှင် အာနန္ဒာ ချွတ်ယွင်းချက် ဖြစ်သည်ဟုအပြစ်တင်ကြသည်။
၅။ ဗုဒ္ဓမြတ်စွာ ၏ သာသနာတော်၌ အမျိုးသမီးများ ရဟန်းပြု ခွင့်ရအောင် (ဘိက္ခုနီသာ သနာ ဖြစ်ပေါ်လာ အောင်) ကြိုးစားအားထုတ်မူ့အတွက်လည်း အရှင်အာနန္ဒာကို အပြစ်တင်တော်မူကြသည်။
အထက်ပါ ၅- ချက်ကို သံဃာဦးဆောင်ရဟန်းကြီးတို့ ကျေနပ်မူရှိ အောင်အရျင်အာနန္ဒာသည် မိမိချွတ်ယွင်းချက်ဖြစ်ကြောင်း ၀န်ခံရလေသည်။
ပထမ သံင်္ဂါယနာ၌ သံဃာကွဲပြားမူရှိသလော
ထို ပထမသင်္ဂါယနာတင်ချိန်၌ ၀ါကျွတ်သောအခါ အရှင်ပုရာဏထေရ်သည် ဒက္ခိဏာဂိရိဇနပုဒ် ၌ နောက်လိုက်ရဟန်း၅၀၀- နှင့်အတူ တကွဒေသစာရီလှည့်လည်တော်မူ၏။
ဒက္ခိဏာဂိရိဇနပုဒ်တွင် အတန်ကြာသီတင်းသုံးနေထိုင်ပြီးနောက် သင်္ဂါယနာတင်ပွဲပြီးဆုံးခါနီး အချိန်၌ ရာဇဂြိုဟ်ပြည်သို့ကြွရောက်လာ၏။ ရာဇဂြိုဟ် ပြည်ဝေဠုဝန်ကျောင်းတော်တွင် သံင်္ဂါယနာ တင် ရဟန္တာမထေရ်ကြီးများထံသို့ချဉ်းကပ်၍ ၀မ်းမြောက်ဝမ်းသာအလ္လာပသလ္လာပ ပြာဆို၏ ။ အရှင်ပုရာဏထေရ်ကို သံင်္ဂါယနာတင်ပွဲသို့ပါဝင်တက်ရောက်ရန်ရဟန္တာမထေရ် ကြီးများက တိုက်တွန်းဖိတ်ခေါ်ကြလေသည်။
ထိုအခါအရှင် ပုရာဏထေရ်က “ငါ့ရှင်တို့ သင်္ဂါယနာတင်ခြင်းကို ကောင်းစွာ ပြုအပ်လေပြီ၊ (သင်္ဂါယနာတင်သောအမူသည်ကောင်းပါသည်။) သို့ရာတွင်ငါမူကား မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာ မှတ်သားထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်ပါအံ့ ”ဟုပြန်လည်မိန်ကြားလေသည်။
ဤစကားရပ်ကြောင့်အရှင်ပုရာဏ၏ဆိုလိုချက်ကသဘောမပေါက်သူတို့ သည် သင်္ဂါယနာ တင်ခြင်း ကို အရှင်ပုရာဏထေရ်က ထောက်ခံခြင်းမရှိ၊ ပထမသံင်္ဂါယနာ၌ သံဃာ အပ်ကြောင်းပေါ်သည်ဟု ကောက်ချက်ချကြ၏။ အမှန်စင်စစ် အရှင်ပုရာဏ ၏နှုတ်မှ “သုသင်္ဂီတော= ကောင်းသော သံင်္ဂါယနာ တင်ခြင်း တည်း”ဟုထုတ်ဖော်ပြောကြားခြင်းသည် သင်္ဂါယနာတင်မူကို သဘောတူ လက်ခံကြောင်း ထင်ရှားပါ သည်။
“ မြတ်စွာဘုရားမြတ်မှောက်တော်မှ ငါကိုယ်တိုင်ကြားနာခဲ့သည့် အတိုင်း ဆက် လက် ဆောင်ပါအံ့” ဟူသောစကားမှာ သံင်္ဂါယနာကို အသိအမှတ်မပြုရောက်သည်ဟု အဓိပ္ပါယ် ကောက်ကြ ပြန် သည်။ အမှန်စင်စစ်သံင်္ဂါယနာတင်ခြင်းဆိုသည်မှာ မြတ်စွာဘုရားဟောတော်မူသောတရားများကို ပိဋကအား ဖြင့်ခွဲခြား၍ နိကာယ်အားဖြင့်ခွဲခြား၍ တစ်ပါးစု ၊ နှစ်ပါးစုစသည်ဖြင့်မျိုးတူရာသဘောတူရာအစီအစဉ်စနစ်တကျ စီစဉ်ခြင်းဖြစ်သည်။ ထိုအစီအစဉ်များမှာ အရှင်ပုရာဏမဟာထေရ်ကြီး ကျက်မှတ်ဆောင်ထားသော အစီအစဉ် နှင့် မတူချေ။ ထိုကြောင့် အရှင်ပုရာဏမထေရ်ကြီးအနေဖြင့် “အသက်အရွယ်ကြီးရင့်အိုမင်းမှ ပိဋက များကို၊ နိကာယ်များကိုအစီအစဉ်သဖြင့် ပြန်လည်မသင်ယူလို၊ မသင်ယူနိုင်တော့။ စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များနှင့် ရဟန်း သစ်များသည် သံင်္ဂါယနာမူအတိုင်း ဆက်လက် သင်ယူဆောင်ထားကြပါ။ မိမိမူကား မိမိရထား သည့်အစီ အစဉ် အတိုင်း ဆက်လက်ဆောင် ထား တော့မည်”ဟုဆိုလိုပါသည်။
ရာဇဂြိုဟ်ပြည်တွင် သင်္ဂါယနာတင်မည့် ရဟန္တာထေရ်ငါးရာမှတပါး အခြားမည် သည့်ရဟန်းမျှ ၀ါမဆို ရဟု ဉတ်ကမ္မ၀ါစာဖြင့်အမိန်ထုတ်ထားောကာင်းကို အထပ် ၌ ဖော်ပြခဲ့လေ ပြီ။ ထို့ကြောင့် ရာဇဂြိုဟ် ပြည် တွင် သင်္ဂါယနာတင်နေချိန်၌ ရဟန္တာမထေရ်ကြီး ၅၀၀- မှတပါးအခြားရဟန်းသံဃာများမရှိချေ။ သင်္ဂါယနာ တင်ပွဲကို ၀ါခေါင်လပြည့်ကျော် ၅ရက်နေ့မှ စ၍ ခုနှစ်လကြာမှပြီးဆုံးသည်ဆိုရာ တပေါင်း လပြည့် လောက်တွင် သင်္ဂါယနာ တင်ပြီးခါနီးမှ အရှင်ပုရာဏထေရ် ရာဇဂြိုဟ်သို့ ရောက်လာခြင်းဖြစ်ပေသည်။ အရှင် ပုရာဏ ထေင်္ရသည်လည်း ထိုအချိန်၌ သင်္ဂါယနာတင်ပွဲ ပြီးဆွုးလောက်ပြီဟု ယူဆ၍ ရာဇဂြိုဟ်သို့ ကြွရောက် လာ ခြင်းဖြစ်ပေမည်။
အရှင်ပုရာဏသည် သံဃာ ၅၀၀- ဦးဆောင်နေသောသံဃာ့ထေရ်ဖြစ်၍ ကုသိနာရုံပြည်တွင် သံဃာထေရ် ၇-သိန်း စုဝေးရာ၌ အရှင်ပုရာဏထေရ် ပါဝင်ခဲ့မည်ဧကန် ဖြစ်ပါသည်။ ထိုအစည်းအဝေးက သံင်္ဂါယနာ တင်ရန် ဆုံးဖြတ်ချက်နှင့် ရာဇဂြိုဟ်၌အခြားရဟန်း များ ၀ါမဆိုရန် ဆုံးဖြတ်ချက်တို့ကို အရှင်ပုရာဏ ထေရ်သည်လည်း သိရှိပြီးသားဖြစ်ပေမည်။
သို့ပါလျက် ရာဇဂြိုဟ်ပြည်သို့ အရှင်ပုရာဏ ကြွလာခြင်းမှာ တပေါင်းလပြည့်ကျော် လောက် တွင် သင်္ဂါယနာ တင်ပြိးဆုံး လောက်ပြီဟု ယူဆ၍ ကြွလာခြင်း ဖြစ်ပေမည်။
ဤသို့ရှင်းလင်းစွာ နားလည်ပါက အရှင်ပုရာဏ သည် ပထမသင်္ဂါယနာကို ကန့်ကွက်ခြင်းမရှိ၊ သဘောတူ ထောက်ခံကြောင်း သိသာပါသည်။
သက္ကရာဇ်ဖြို၍ သာသနာသက္ကရာဇ်စတင်ခြင်း
ပထမသင်္ဂါယနာ တင်ပွဲသည် ၇-လကြာမြင့်ရာ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့ တွင် စတင်ခဲ့၍ တပေါင်းလပြည့်ကျော် ၅-ရက်နေ့တွင်ပြီးဆုံးချင်းသို့ရောက်လေသည်။
ထိုအခါ အရှင်မဟာ ကဿပ နှင့်သာသနာ့ ဒါယကာ အဇာတသတ်မင်းကြီးတို့ သဘော တူညီကြ၍ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်ကို ချေပြီးလျှင် တခုအကြွင်းပြုလျှက် မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံသော နှစ်ကို ပထမ ၁- နှစ်ဟုသတ်မှတ်ရေတွက်လေ၏။ မဟာ သက္ကရာဇ် နှင့်သာသနာသက္ကရာဇ်ကို တညီတည်းပြု၍ ရေတွက်ခဲ့လေသည်။
ဤတွင်ပထမသင်္ဂါယနာ တင်သမိုင်းပြီး၏။
ဆက်လက်ဖော်ပြပါအုံးမည်။
မောင်ဇော်မင်းအောင်
{ယခုစာမျက်နှာမှ စာလုံးပေါင်းအမှားတွေပြင်ပေးခဲ့တဲ့ အမ မသက်ဇင် ကိုလဲအထူးကျေးဇူးတင်ပါတယ်}