Monday, January 19, 2009

ချမ်းသာခြင်း ၊ ဆင်းရဲခြင်း နှင့်ကျွန်တော်ရဲ့ အမြင်

မပြည့်စုံ ခဲ့တဲ့ဘ၀မှာရှင်သန် ခဲ့ ရတဲ့သူတွေ တိုင်း ကိုယ်စီကိုယ်စီ ဆင်းရဲ့ ရခြင်းအကြောင်း ကိုတွေးတော ဖူးကြ မှာပါ ။ ချမ်းသာပေမယ့် လဲ ငါဘာကြောင့်ချမ်းသာပါလိမ့်လို့ တွေးမိချင်မှ တွေးမိကြ ပါလိမ့်မယ် ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အခြေ ခံနားလည်ထားကြတာက တော့ အရင်ဘ၀ က ပြုခဲ့တဲ့ကံ တွေ ကမကောင်းတော့ ဒီဘ၀မှာ ဆင်းရဲ တာပေါ့လေ လို့ ဖြေသိမ့် ကြပါတယ် ။ ချမ်းသာတဲ့ သူဆိုရင်လဲ အရင်ဘ၀က ပြုခဲ့တဲ့ ကံကောင်းလို့ ပေါ့ လို့မေးငေါ့ ပြီး ၀န်တိုသူတွေလဲရှိကြပါတယ်။


" ကံ " လို့သာပြောနေကြတာ ပါ ... ကံ ဆို့တဲ့အဓိပ္ပါယ် ကို မသိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိကြပါသေးတယ် ။ ကံ ဆိုသည့် အဓိပ္ပါယ် ကို မသိသေးသူများ အတွက်
ကိုအောင်ဦး(ဓမ္မရသ) ရေးသားခဲ့တဲ့ Post အဟောင်းလေးကို ပြန်လည် ကူးပြီးဖေါ်ပြလိုက်ပါတယ်။

ကံအကျိုးပေး မတူညီခြင်းအကြောင်း

လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ိဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို သိနေခြင်းကို ဆိုလို၏။ တဏှာကတော့ တွေ့ကြုံနေသမျှ ကာမဂုဏ်တို့အပေါ်၌ လိုချင်တပ်မက်နေခြင်းပင်ဖြစ်၏။

ထိုသို့ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှု တို့ကြောင့် ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ကို ရရှိနေသလို ယခုလက်ရှိ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှုတို့ အတော မသတ် အထပ်ထပ် ဖြစ်နေပြန်လျှင်လည်း နောက်ထပ် ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို ရရှိကြပေဦးမည်ဆိုတာ သတိပြုသင့်လှပေသည်။ ထိုဒုက္ခသစ္စာခန္ဓာတို့ကို ဘုံအား ဖြင့် ခွဲပြရလျှင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံဟူ၍ရှိ၏။ ဤ မတူညီသော ဘုံဘ၀တို့သည်လည်း မိမိပြုမူခဲ့သော ကံတရားတို့ကြောင့်ပင်ဖြစ်၏။ တဖန်လည်း ထိုဘုံဘ၀တွေမှာပင် ရရှိသောဆင်းရဲချမ်းသာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ လူတို့၌ လူချမ်းသာ၊ လူဆင်းရဲတို့ရှိသလို နတ်၌လည်း နတ်ချမ်း သာ၊ နတ်ဆင်းရဲဟူ၍ ကွာခြားနေပေသေးသည်။ တိရစ္ဆာန်တို့မှာလည်း ဤသို့ပင် ဖြစ်နေကြပေသည်။ ထိုသို့ ကံ ကံ၏အကျိုးကြောင့် မတူညီသောအချက်တို့ကို ကြည့်ပြီး မိမိရသမျှနှင့် ရောင့်ရဲသင့်လှပေသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်တို့နှင့် တွေ့ကြုံခဲ့သည်ထားဦး မွန်မြတ်သော တရားတော်နှင့်ကား လွဲသွေခဲ့ရလေပြီ။ ထို့ကြောင့် စာဖတ်သူတို့အား ကျွန်ုပ်အကြံပေးလိုသည်မှာ ကျန်ရှိသောအချိန်တို့ကို မေ့လျော့နေမှုတို့ဖြင့် ဖြုန်းတီးမနေတော့ဘဲ တန်ဘိုးရှိသောလူ့ဘ၀မှာ တန်ဘိုးရှိသော ဗုဒ္ဓဟောကြား ခဲ့သည့် တရားတောများအတိုင်း ကျင့်ကြံနေထိုင်ကြမှ တော်ပေမည်။

ထိုသို့ စကားချီး ဆိုပြီးနောက် လူတို့၏ကံအကျိုးပေး တစ်ယောက်နှင့်တစ်ယောက် မတူညီသောအကြောင်းတို့ကို ပြောပြပါအံ့။ ထိုအကြောင်းတို့ကို မပြောသေးခင် မတူညီသောအချက်တို့ကို အရင်ဦးဆုံး ဆိုရပေဦးမည်။


(၁) တချို့ အသက်ရှည်၏၊ တချို့အသက်တိုကြ၏။

(၂) တချို့ ဝေဒနာများ၏၊ တချို့ဝေဒနာမများကြ။

(၃) တချို့ ရုပ်အဆင်းလှပ၏၊ တချို့ ရုပ်ဆိုးကြ၏။

(၄) တချို့ ဘုန်းကံကြီး၏၊ တချို့ ဘုန်းကံနည်းကြ၏။

(၅) တချို့ စီပွားရေးအောင်မြင်ကြ၏၊ တချို့ စီပွားရေးမအောင်မြင်ကြ။

(၆) တချို့ အမျိုးမြတ်၏၊ တချို့ အမျိုးမမြတ်ကြ။

(၇) တချို့ ဥာဏ်ပညာထက်မျက်ကြ၏၊ တချို့ ဥာဏ်ပညာမထက်မျက်ကြ။


ဤ ပြဆိုခဲ့သော ကံအကျိုးပေး မတူညီကြခြင်းမှာ အဘယ်ကြောင့်နည်း။ အတိတ် ကံတို့၏အကြောင်းများ မတူညီခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ (၁) အကြင်သူသည် ထိုထို ဘ၀တို့၌ သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဘ၀၌ အသက်တိုရ၏။ ထိုသို့မပြုဘဲ တစ်ပါးသောသူတို့၏အသက်တို့ကို ကြင်နာသနားတတ်ပြီး မသတ်မဖြတ်ခဲ့သူတို့မှာကား အသက်ရှည်ကြပေ၏။ (၂) သူတစ်ပါးတို့အား ညှင်းဆဲခဲ့သူတို့မှာ ယခုဘ၀၌ ရောဂါဝေဒနာ ထူပြော ကြပြီး မညှင်းဆဲဘဲ ကြင်နာတတ်သူတို့မှာကား အနာရောဂါမထူပြောဘဲ ကိုယ်ချမ်း သာခြင်းနှင့် ပြည့်စုံကြရပေသည်။ (၃) သူတစ်ပါးတို့အား မေတ္တာတရားထားခဲ့ကြ သူတို့မှာ ရုပ်အဆင်းလှကြပြီး ဒေါသစရိုက်ကြီးခဲ့သူတို့မှာကား ရုပ်အဆင်းဆိုးကြ ပေသည်။ (၄) ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခဲ့ကြသူတို့မှာ ယခု ဘ၀ ဘုန်းကံကြီးမားကြပြီး ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေခဲ့ကြသူတို့မှာကား ဘုန်းကံနည်းပါးကြရပေသည်။ (၅) နှမျောတွန့်တိုခြင်း(မစ္ဆရိယ)ကို နှင်ထုတ်ပြီး သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုလုပ်ခဲ့ကြသူတို့မှာ စီပွားရေး အောင်မြင်တိုးတက်ကြပြီး မိမိရှိတဲ့ဥစ္စာပစ္စည်းတို့ကို မပေးရက်မလှူရက် နှမျှော တွန့်တိုသူတို့မှာကား စီးပွားရေး မအောင်မြင်၊ မတိုးတက်ခြင်းဖြစ်ရပေသည်။ (၆) မာန်မာန ထောင်လွှားတက်ကြွပြီး သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံတတ်သူတို့မှာ နိမ့်ကျသောအမျိုး၌ လူလာဖြစ်ကြရပြီး ထိုသို့ မပြုမူခဲ့သူတို့မှာကား မြင့်မြတ်သော အမျိုး၌ လူလာဖြစ်ကြရပေသည်။ (၇) တစ်ပါးသောသူတို့အား ကောင်းမွန်သော အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်း၊ ကိုယ်ကိုယ် တိုင်လေ့လာသင်ယူခြင်းစသော ပညာပါရမီတို့ကို ပြုလုပ်ခဲ့ကြသူတို့မှာ ယခုဘ၀ ပညာဥာဏ်ထက်မျက်ကြပြီး မိမိ၏အတတ်ပညာ၊ အသိပညာတို့ကို အကြောင်းပြု ၍ သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံခဲ့ခြင်း၊ မိမိကိုယ်တိုင် ပညာဆည်းပူးလေ့လာမှု မပြုခဲ့ကြသူတို့မှာကား ယခုဘ၀ ဥာဏ်နည်းကြရပေသည်။

ထိုသို့သော အကြောင်းတရားများကြောင့် ရရှိနေကြသော အကျိုးတရားတို့မှာ မတူနေကြခြင်းဖြစ်ပေ၏။ မိမိပြုလုပ်ခဲ့သော ကံအကြောင်းတရားများအတိုင်း ရရှိ နေကြသည်ကို လက်ရှိကိုယ်ပိုင်ဆိုင်ထားသော အခွင့်အရေးအား မကျေမနပ် ဖြစ်ပြီး မရောင့်မရဲမရှိကြလေနှင့်။ ရရှိထားသောအခွင့်အရေးကို မကျေနပ်၍လည်း လမ်းမှားကို မကျင့်ကြလေနှင့်။ ကျင့်ကြံနေကြမည်ဆိုလျှင် အကုသိုလ်ကံအသစ် တို့ကိုသာ ပြုလုပ်နေသလိုဖြစ်ပေမည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ယခုဘ၀၌ ကောင်းမှုတို့ကိုသာ များများပြုလုပ်ကြဘို့ လိုအပ်ပါသည်။ နောက်ဘ၀ ကောင်းစားဘို့အရေး ဆိုလိုနေခြင်းလည်း မဟုတ်ပါပေ။ ယခုရရှိထားသော ခန္ဓာငါး ပါး ဒုက္ခသစ္စာကြီးမရှိရာ နိဗ
န်ကိုသာမျှော်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတရားများ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။...။

သို့ဖြစ်ပါလျှင် ဆင်းရဲ လို့စိတ်ညစ်နေမည့် အစား၊ ချမ်းသာလို့ဆို ပြီးပျော် ပျားနေမည့် အစား မိမိ တို့ လက်ရှိပိုင်ဆိုင်ထားကြတဲ့ ခန္ဓာ ဘ၀တွေ ရဲ့  ချမ်းသာစစ်ချမ်းသာမှန် ဖြစ်တဲ့ နိဗ္ဗာန်ကို မရောက် ခဲ့ရင်တောင်မှ စရံသတ်တဲ့အနေ နဲ့ သောတပန်လောက်တော့ဖြစ်အောင် ကြိုးစားထားသင့်ပါတယ်။ ဆင်းရဲ့ ချမ်းသာ မရွေး အခမဲ့ ကြင့်ကြံအားထုတ်နိုင်တဲ့ တရားတွေကို အားထုတ်ဖို့လိုမယ်မလိုဘူးဆိုတာကို ကိုယ် ပိုင်ဥာဏ် နဲ့ စဉ်းစားဆင်ခြင်ကြပါ လို့ အသိပေးလိုက် ရပါတယ်။



/မောင်ဇော်မင်းအောင်

1 comment:

တာဝန် said...

WONDERFULL,
TRUE BUDDHIST SHOULD NEVER JUDGE ANY1!
BUT MUST PREVENT FROM WRONG BELIEVER ACT!
SADDLY,WHY thanshwe KILLED MANY MONKS?
THE ANSWER IS QUITE SIMPLE!
COZ HE IS WRONG BELIEVER WHICH MEANS HE IS JUST NAMELY BUDDHIST!
HE IS NOT TRUE BUDDHIST!
THANKS 4UR POST&MORE POWER!!!!!!!!!!!!!!!!

ကျွန်တော် ၏ blog ကို လာရောက် ခဲ့သည့် အတွက် ကျေးဇူး အထူးတင် ရှိ့  ပါ သည်.../ မောင်ဇော်မင်းအောင် ( mr.zawminnaung@gmail.com)